သမ္မတတု မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ၅ ရက်ကြာ ခရီးသွားရောက်မည်

By MPA

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မိမိကိုယ်ကိုယ် သမ္မတအဖြစ် ကြေညာထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လာမည့်အပတ်တွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း ပေကျင်းအစိုးရက ယနေ့ (သောကြာနေ့) တွင် ထုတ်ပြန်ကြေညာလိုက်သည်။

၂၀၂၁ ခုနှစ် ပြည်သူ့ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်အာဏာရှင်စနစ်ဖြင့် တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီးနောက်၊ ပြီးခဲ့သည့် ဧပြီလတွင်မှ မိမိကိုယ်ကိုယ် သမ္မတအဖြစ် ရွေးကောက်မြှောက်လုပ်ထားသည့် မင်းအောင်လှိုင်၏ ယခုခရီးစဉ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မင်းအောင်လှိုင်၏ ၅ ရက်ကြာ ခရီးစဉ်သည် လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် စတင်မည် ဖြစ်သည်။

ယခုခရီးစဉ်သည် ပြီးခဲ့သည့် ၅ နှစ်တာအတွင်း မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်ဖြင့် တိုက်ရိုက်ချုပ်ကိုင်ထားသည့် မင်းအောင်လှိုင်အတွက် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်သည့် နှစ်နိုင်ငံအဆင့် တရားဝင်ခရီးစဉ်လည်း ဖြစ်သည်။

မင်းအောင်လှိုင်သည် အတုအယောင်အစိုးရ သမ္မတအဖြစ် ခံယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံသည် အာရှဒေသတွင်း အင်အားကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်၏ အဆိုအရ မင်းအောင်လှိုင်သည် ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်အပြင် တရုတ်ဝန်ကြီးချုပ် လီချန်၊ တရုတ်ထိပ်တန်းဥပဒေပြုအမတ် ကျောက်လဲ့ကျီတို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

"တရုတ်နဲ့ မြန်မာဟာ ရိုးရာချစ်ကြည်ရေးရှိတဲ့ အိမ်နီးချင်းတွေဖြစ်သလို အနာဂတ်ကို အတူတကွ ပုံဖော်မယ့် အသိုက်အဝန်းလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇၆ နှစ်က သံတမန်ဆက်ဆံရေး စတင်ထူထောင်ကတည်းက နှစ်နိုင်ငံဆက်ဆံရေးဟာ ခရီးဝေးတစ်ခုကို လျှောက်လှမ်းလာခဲ့ပြီးဖြစ်ပါတယ်" ဟု လင်ကျန့်က ပေကျင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ပေကျင်းအစိုးရအနေဖြင့် မင်းအောင်လှိုင်၏ ယခုခရီးစဉ်ကို “ချစ်ကြည်ရေးကို ပြန်လည်ဆန်းသစ်ရန်၊ ဘက်စုံဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် လက်တွေ့ကျသော ရလဒ်ကောင်းများ ပိုမိုထွက်ပေါ်လာစေရန် အခွင့်အလမ်းတစ်ရပ်” အဖြစ် အသုံးချကာ မြန်မာဘက်နှင့် လက်တွဲလုပ်ဆောင်သွားရန် မျှော်လင့်နေကြောင်း ၎င်းက ဆက်ပြောသည်။

မင်းအောင်လှိုင်၏ ယခုခရီးစဉ်သည် ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မင်းအောင်လှိုင်ဦးဆောင်သော အတုအယောင်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့ ပေကျင်းတွင် တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် မင်းအောင်လှိုင်ဦးဆောင်သော အတုအယောင်အစိုးရနှင့် ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားမည်ဟု ကတိပြုခဲ့သည်။

အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မွန်ဂိုလီးယားနိုင်ငံခြားရေးဝန်ကြီး ဘတ်ဆက်ဆက် ဘတ်မွန်ခ်၏ ဖိတ်ကြားချက်အရ စနေနေ့မှစတင်ကာ မွန်ဂိုလီးယားနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်းနှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး ရှီရှား ခါနဲလ်သည်လည်း ဝမ်ယိ၏ ဖိတ်ကြားချက်ဖြင့် ဇွန်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ၄ ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်ထားသည်။