တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ယာဉ်ထိန်းရဲအုပ် အောင်အောင်သည် အမျိုးသမီးငယ်တစ်ဦးအပေါ် ကာမလိမ်လည်မှု မရှိခဲ့ကြောင်း ငြင်းဆိုနေသော်လည်း ၎င်းသည် ယခင်ကတည်းက အမျိုးသမီးများနှင့် ပတ်သက်ပြီး နာမည်ဆိုးထွက်နေသူဖြစ်ကြောင်း မြိတ်မြို့ခံအချို့က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် မြိတ်မြို့ အမှတ် (၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ် အောင်အောင်သည် အမျိုးသမီးငယ်များအပေါ် ကာမလိမ်လည်ထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာအချို့တွင် ပျံ့နှံ့ခဲ့သည်။
အဆိုပါ ဓာတ်ပုံသည် AI ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်း၏ ဂုဏ်သိက္ခာကျဆင်းအောင် တမင်ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်းဖြစ်သည်ဟု စစ်တပ်လော်ဘီ သတင်းဌာနတစ်ခုသို့ ဖြေကြားထားသည်။
သို့သော် ရဲအုပ် အောင်အောင်သည် အာဏာသိမ်းစောပိုင်းကာလကတည်းက ၎င်း၏ အာဏာပါဝါကို အသုံးချကာ အမျိုးသမီးငယ်များအပါအဝင် အမျိုးသမီးအချို့ကို လိမ်လည်၍ ကာမလိမ်လည်ရယူလေ့ရှိကြောင်း မြိတ်မြို့ခံအချို့က MPA သို့ ပြောသည်။
“သူက ဒီနယ်တစ်ခွင်က KTV တွေ သူမကြာခဏ သွားနေတာပဲ၊ အပျော်အပါးမက်တဲ့သူမျိုး၊ စော်တွေကို အန်းတာပေါ့ဗျာ၊ ငွေကလည်း အဝင်ကြမ်းတာကိုး။ အခုပြောနေတာက သူ့ကို တိုက်ခိုက်နေတာ မဟုတ်ဘူး၊ တကယ်ပဲ သူဖြစ်ခဲ့တာ။ အခုဓာတ်ပုံက အတုလား၊ အစစ်လားတော့ မသိဘူး၊ ဒါပေမဲ့ သူက သွားလေ့သွားထရှိတယ်၊ ထပ်သေချာချင်ရင် ဒီနယ်က KTV ဆိုင်ဝန်ထမ်းတွေကို လိုက်မေးကြည့်ကြပေါ့” ဟု မြိတ်မြို့ခံတစ်ဦးက ပြောသည်။
ယာဉ်ထိန်းရဲအုပ် အောင်အောင်တွင် အိမ်ထောင်ရှိသူဟု သိရသော်လည်း မိသားစုဝင်များ၏ အခြေအနေကို အတိအကျ မသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် လိုင်စင်မဲ့ယာဉ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် ယာဉ်များကို စစ်ဆေးရာတွင်လည်း သက်ဆိုင်ရာ ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း အရေးယူခြင်းမရှိဘဲ ငွေကြေးတောင်းခံမှုများကြောင့် နာမည်ထွက်နေသူလည်း ဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။
“သူက လာဘ်စားတာများလို့ အရင်ကတည်းက သူတို့အသိုင်းအဝိုင်းမှာ တိုင်တန်းမှုတွေ ရှိနေတာပဲ၊ အဓိက လိုင်စင်မဲ့ယာဉ်ကိစ္စလို့ ပြောတယ်” ဟု နိုင်ငံရေးကြောင့် နယ်စပ်တွင် တိမ်းရှောင်နေရသည့် မြိတ်မြို့ခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် ယာဉ်ထိန်းရဲအုပ် အောင်အောင်အပါအဝင် တပ်ဖွဲ့ဝင်အချို့ကို ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း ၎င်းတို့မှာ ပုံမှန်အတိုင်း ရုံးတက်နေရဆဲဖြစ်ကြောင်း သိရသည်။
“သူ့ကို စစ်ဆေးတဲ့ကိစ္စက ကျတော်တို့ သိသလောက် မိန်းမရှုပ်တဲ့ ပြဿနာမဟုတ်ဘူး၊ အဲဒီပြဿနာ ပေါ်လာတော့ ငွေရေးကြေးရေးကိစ္စတွေ၊ လာဘ်စားထားတဲ့ ကိစ္စတွေကို ခေါ်စစ်နေတာ” ဟု အထက်ပါ မြို့ခံက ဆိုသည်။
ယခု အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံသည် အစစ်ဖြစ်းပြီး AI ဖြင့် ဖန်တီးထားခြင်းမဟုတ်ကြောင်း နည်းပညာကျွမ်းကျင်သူအချို့က သုံးသပ်ပြောဆိုကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အချို့သည် အာဏာပါဝါကို အသုံးချကာ ပြည်သူများအပေါ် အနိုင်ကျင့် ငွေညှစ် ခြိမ်းခြောက်နေရုံသာမက အမျိုးသမီးများကို ငွေကြေးများဖြင့် ဆွဲဆောင်ကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ရှိနေသည်။
