၈ ကြိမ်ညှိပြီးသော်လည်း ထမင်းတစ်နှပ်စာပင်မရှိသည့် တိုးနှုန်းကြောင့် လှိုင်သာယာ Spring Mon စက်ရုံလုပ်သားများ ဆက်လက်တောင်းဆိုမည်

ဓာတ်ပုံ - STU-M

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ Spring Mon အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ လုပ်ခလစာနှင့် အခွင့်အရေး တောင်းဆိုမှုသည် ၁၅ ရက်မြောက်နေ့အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း တရားမဝင် အစိုးရ အလုပ်သမားဌာန၌ ယမန်နေ့ ဇူလိုင် ၁၄ ရက်က ၈ ကြိမ်မြောက် တွေ့ဆုံညှိနှိုင်းချိန်အထိ အလုပ်ရှင်ဘက်က ထမင်းတစ်နှပ်စာပင်မရှိသည့် ဒေးကြေး ၁,၀၀၀ ကျပ်နှင့် အချိန်ပိုကြေး ၂၀၀ ကျပ်သာ တိုးပေးခဲ့သဖြင့် ပြေလည်မှု မရရှိသေးဘဲ အလုပ်သမားများဘက်ကလည်း မူလတောင်းဆိုချက်များ မရမချင်း ဆက်လက် တောင်းဆိုသွားရန် ဆုံးဖြတ်ထားကြကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ဝတ်မစွတ်ဝန်ထောက်လမ်း၌ ရှိသော Spring Mon Garment Manufacturing Co-Ltd အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၇၇ ဦးသည် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့မှစတင်ကာ လုပ်ခလစာ တိုးမြှင့်ပေးရန်နှင့် အလုပ်သမား အခွင့်အရေးများ ရရှိရန်အတွက် စက်ရုံအတွင်း၌ ဆန္ဒထုတ်ဖော် တောင်းဆိုနေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက တိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာန(အလရ)ရုံး၌ အလုပ်ရှင်၊ အလုပ်သမားနှင့် တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းခဲ့ကြသော်လည်း တောင်းဆိုထားသည့် အချက်အများစုကို သဘောတူညီမှု မရရှိခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်သည့် အလုပ်သမားများထံမှ သိရသည်။

ညှိနှိုင်းပွဲအတွင်း အလုပ်ရှင်ဘက်က ဒေးကြေးကို ၁၁,၀၀၀ ကျပ်နှင့် အချိန်ပို (OT) ကြေးကို ၂,၂၀၀ ကျပ်သာ တိုးမြှင့်ပေးရန် ကမ်းလှမ်းခဲ့သဖြင့် အလုပ်သမားများဘက်မှ လက်မခံနိုင်ဘဲ ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါအလုပ်သမားများဘက်က လိုက်လံကူညီပေးနေသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STU-M)ထံမှ သိရသည်။

“တိုင်းရုံးမှာ ညှိတာ ၈ ကြိမ်မြောက် ရှိသွားပါပြီ။ အလုပ်ရှင်ဘက်က ဒေးကြေး ၁၁,၀၀၀ နဲ့ OT ကြေး ၂,၂၀၀ ပဲ တိုးပေးမယ်လို့ ပြောတာပါ။ ကျန်တဲ့ တောင်းဆိုချက်တွေကို သဘောမတူတဲ့အတွက် ပြေလည်မှု မရခဲ့ပါဘူး။ အဓိက တောင်းဆိုထားတဲ့ အချက်တွေ မရမချင်းတော့ အလုပ်သမားတွေဘက်က တောင်းဆိုမှုကို ရပ်မှာမဟုတ်ဘဲ ဆက်လက်တောင်းဆိုသွားမှာပါ” ဟု STU-M တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူလက Spring Mon အထည်ချုပ်စက်ရုံ၌ ဒေးကြေး ၁၀,၀၀၀ ကျပ်၊ အချိန်ပိုကြေး ၂,၀၀၀ ကျပ်နှင့် ရက်မှန်ကြေး ၄၀,၀၀၀ ကျပ် ရရှိကြပြီး အလုပ်သမားများဘက်မှတော့ အဓိက အချက် ၉ ချက်ကို တိုးမြှင့်တောင်းဆိုထားကြခြင်း ဖြစ်သည်။

အလုပ်သမားများ တောင်းဆိုထားသည့် အချက်များတွင် ဒေးကြေး ၁၃,၀၀၀ ကျပ်၊ ရက်မှန်ကြေး ၅၀,၀၀၀ ကျပ်နှင့် အချိန်ပို (OT) ကြေး တစ်နာရီ ၂,၅၀၀ ကျပ် ရရှိရေးတို့ အဓိက ပါဝင်သည်။

ထို့ပြင် ကျွမ်းကျင်ကြေးကိုလည်း အဆင့် (A) ၆၀,၀၀၀ ကျပ်၊ အဆင့် (B) ၅၀,၀၀၀ ကျပ်နှင့် အဆင့် (C) ၄၀,၀၀၀ ကျပ်ဟူ၍ အဆင့်လိုက် သတ်မှတ်ပေးရန် တောင်းဆိုထားကြသည်။

အခြားသော တောင်းဆိုချက်များအနေဖြင့် ရက်ပျက်ပါက တနင်္ဂနွေ (Sunday) ကြေး မဖြတ်ရန်၊ တနင်္ဂနွေနေ့ OT ဆင်းရပါက ဒေးကြေး နှစ်ဆ ရှင်းပေးရန်၊ အရေးကြီးကိစ္စရှိပါက ရှောင်တခင်ခွင့် ပေးရန်၊ လုပ်သက်ဆုကြေးကို ဒေးကြေးဖြင့် ရှင်းပေးရန်နှင့် ဂိတ်ပတ်ယူပါက တနင်္ဂနွေကြေး မဖြတ်ရန်ဟူသည့် အချက်များလည်း ပါဝင်နေသည်။

အဆိုပါ တောင်းဆိုချက်များအနက် နောက်ဆုံးအချက် ၅ ချက်သည် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက စည်းကြပ်သည့် တည်ဆဲဥပဒေအတိုင်း ဖြစ်သဖြင့် အလုပ်ရှင်ဘက်မှ မဖြစ်မနေ လိုက်နာရမည့် တာဝန်ရှိကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများက ထောက်ပြကြသည်။

လက်ရှိတွင် Spring Mon အထည်ချုပ်စက်ရုံ၌ အလုပ်သမား ၂၀၀ ကျော်ဖြင့် လုပ်ငန်းများ လည်ပတ်နေပြီး သီးသန့် CMP စနစ်ဖြင့် အထည်များ ချုပ်လုပ်နေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။