ဟိုပင်တွင် SNA၊ ဝါရာဇွတ်ပြည်သူ့စစ်နှင့် အမတ်ဟောင်းမြေးတို့ပေါင်းပြီး အဓမ္မလူသစ်စုဆောင်းနေ၊ ဖမ်းဆီးခံ ကျောင်းသား ၈ ဦးကတုံးတုံးခံရပြီး ပြန်လွတ်သော်လည်း ၄၀ ကျော်မလွတ်သေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် စစ်အုပ်စုနှင့်ပူးပေါင်းနေသည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ဝါရာဇွပ်ပြည်သူ့စစ်နှင့် လွှတ်တော်အမတ်ဟောင်း၏ မြေးဖြစ်သူတို့ ပူးပေါင်းကာ အဓမ္မ စစ်သားသစ် စုဆောင်းလျက်ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

၎င်းတို့ဖမ်းဆီးခဲ့သည့် အထက်တန်းကျောင်းသူ၊ ကျောင်းသား ၈ ဦးမှာ ခေါင်းကတုံးတုံးခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း နီးစပ်သူများနှင့် မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

သို့သော်လည်း ဇူလိုင် ၂၀ ရက်နေ့က ထပ်မံဖမ်းဆီးခံထားရသည့် အခြား အရပ်သား ၄၀ ထက်မနည်းမှာမူ ယခုထက်ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဖြစ်စဉ်သိရှိထားသူများက MPA ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်က ပင်းဘော ဗန်မောက်ကုန်း ရေတံခွန်မှ ပြန်လာသည့် ဟိုပင်မြို့မှ ကျောင်းသူ၊ ကျောင်းသား ၈ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကားမည်းတစ်စီးဖြင့် ခေါင်းစွပ်စွပ်ကာ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် မိဘများက ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ထံ ဇူလိုင် ၁၈ ရက်စွဲဖြင့် အကူအညီတောင်းခံစာ ပေးပို့ခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် မိုးညှင်းမြို့ပြင် သစ်ပင်ကြီးတစ်ပင်အောက်၌ အဆိုပါ လူငယ် ၈ ဦးကို ကတုံးတုံးထားလျက် ကားမည်းတစ်စီးဖြင့်ပင် လာရောက်စွန့်ပစ်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ MPA ၏ သတင်းရင်းမြစ်များက ပြောသည်။

“မိုးညှင်းမြို့ပြင် သစ်ပင်ကြီးအောက်မှာ ကားမည်းတစ်စီးနဲ့ လာချသွားတာပါ။ ကတုံးတွေနဲ့ လူငယ် ၈ ယောက်ကို လာချသွားတာကို ဖြတ်သွားဖြတ်လာရင်း တွေ့မိလိုက်ရတာ။ နောက်မှ ဟိုပင်က ပျောက်သွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေဖြစ်နေမှန်း အတည်ပြုလို့ ရတာပါ” ဟု မိုးညှင်းမြို့ပြင်တွင် ကိုယ်တိုင်တွေ့ရှိခဲ့သည့် ခရီးသွား အရပ်သားတစ်ဦး၏ ပြောကြားချက်ကို MPA သတင်းရင်းမြစ်က ပြောသည်။

PCG ထံ ပေးပို့ထားသော မိဘများ၏ အကူအညီတောင်းခံစာပါ စာရွက်စာတမ်း အချက်အလက်များအရ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူများမှာ အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် အထက်တန်းကျောင်းသူ၊ ကျောင်းသားများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့အနက် ဟိုပင်မြို့ အထက်တန်းကျောင်းများတွင် ပညာသင်ကြားနေသည့် မဟန်သီတာကျော်ကျော် (၁၇ နှစ်)၊ မဇင်မာအောင် (၁၇ နှစ်)၊ မဆိုင်းထွယ် (၁၇ နှစ်)၊ မဆွတ်ဆိုင်းအိန် (၁၆ နှစ်) နှင့် မစိုးပပဦး (၁၅ နှစ်) တို့ အပါအဝင် မိုးညှင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ မောင်ထွန်းနိုင်ဝင်း (၁၇ နှစ်)၊ မောင်အောင်သူရ နှင့် မောင်သီဟနိုင် (၁၉ နှစ်) တို့ ပါဝင်ခဲ့ကြသည်။

အဆိုပါ ကျောင်းသူ၊ ကျောင်းသားများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်တွင် အများစုမှာ အရွယ်မရောက်သေးသည့် အထက်တန်းကျောင်းသားများ ဖြစ်ပြီး မိဘများအနေဖြင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှတစ်ဆင့် တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးရန် အရေးပေါ် အကူအညီတောင်းခံခဲ့ရသည်အထိ အသက်အန္တရာယ် လုံခြုံရေး စိုးရိမ်ခဲ့ရကြောင်း မိဘများနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ ကျောင်းသားများ ဖမ်းဆီးခံရမှုနှင့် သံလမ်းရိုးတစ်ကြော လူသစ်စုဆောင်းမှုများတွင် ပင်းဘောကျေးရွာနေ မိုးကောင်းမြို့လွှတ်တော်အမတ်ဟောင်း ဦးကျော်မြင့်၏မြေး ကောင်းထက်ကျော်၊ ကားမည်းမောင်းသူ မိုးကောင်းမြို့နယ် ကညှင်မြိုင်ကျေးရွာနေ ဝါရာဇွပ်ပြည်သူစစ် ဒုဗိုလ်အဆင့်ရှိ စိုးမိုးနောင်၊ မင်းဇင်သန့်၏ တပည့်ဖြစ်သူ အောင်ဗလနှင့် သံလမ်းရိုးတစ်ကြောရှိ SNA တပ်ဖွဲ့များ ပူးပေါင်းပါဝင်နေကြောင်း ဒေသတွင်း အတွင်းသတင်းရင်းမြစ်များက အတည်ပြုသည်။

ကျောင်းသား ၈ ဦး ပြန်လွတ်လာသော်လည်း အခြား ဖမ်းဆီးခံထားရသည့် အရပ်သား ၄၀ ခန့်မှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။

“အနီးနားက ကုန်းတန်းကြီး ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထည့်ထားတာ အရပ်သား ၄၀ လောက် ရှိသေးတယ်လို့ သိရတယ်။ သူတို့ကတော့ အခုထိ ပြန်မလွတ်သေးပါဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။

ထို့ပြင် ဇူလိုင် ၂၀ ရက် ညနေ ၂ နာရီဝန်းကျင်ကလည်း နန်းခွင်ဆည်တွင် SNA အဖွဲ့က လာရောက်ကာ လူအများအပြားကို အတင်းအဓမ္မ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောပြသည်။

သံလမ်းရိုးတစ်ကြောတွင် ပေါ်တာဆွဲ လူသစ်စုဆောင်းမှုများ ဆက်တိုက် ပြုလုပ်နေခြင်းကြောင့် ဒေသခံများမှာ သားသမီးများ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရသကဲ့သို့ စိုက်ပျိုးရေးနှင့် စားဝတ်နေရေးပါ ပျက်စီးလာကြောင်း ဒေသခံတစ်ဦးက ရင်ဖွင့်သည်။

“ကျောင်းသွားကျောင်းပြန် သားသမီးတွေအတွက်လည်း စိုးရိမ်နေရတယ်။ လယ်လုပ်ဖို့ ညအိပ်ညနေ သွားရမှာလည်း စိတ်မချရဘူး။ လုပ်ကိုင်စားသောက်ရတာလည်း တော်တော်ကို ခက်ခဲလာပါပြီ။ မိုးညှင်း-ဟိုပင် သံလမ်းရိုးတစ်ကြောလုံး ဘာမှ မရေရာတော့ဘူး” ဟု ယင်းဒေသခံက ငြီးတွားပြောဆိုသည်။

တစ်ဖက်တွင်လည်း Shanni Empire စသည့် လော်ဘီ စာမျက်နှာများမှ SNA အပေါ် စွပ်စွဲပါက ခွင့်လွှတ်မည်မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုနေမှုအပေါ် ဒေသခံများက ‘သူခိုးက လူပြန်ဟစ်’ သည့် ပြဿနာ ပိုမိုကြီးထွားအောင် ပြုလုပ်နေခြင်းဖြစ်ကြောင်း သုံးသပ်ဝေဖန်လျက်ရှိသည်။

ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ အဓိက စွပ်စွဲခံနေရသည့် SNA ဘက်သို့ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရသေးပေ။