By MPA
ကြက်ဥတစ်လုံး ကျပ်၇၀၀ ဖြစ်လာခြင်းမှာ ကန့်သတ်မှုများသည့် ပေါ်လစီကြောင့်တင် မဟုတ်ဘဲ ပြီးခဲ့သည့် ၅နှစ်အတွင်း ဆိုးရွားလာသည့် မက်ခရိုစီးပွားရေး မတည်ငြိမ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးထဲက တစ်ခုဖြစ်ကြောင်း NLDအစိုးရ၊စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင်က ပြောကြား လိုက်သည်။
ဈေးကွက်စီးပွားရေး၏ အခြေခံမဏ္ဍိုင်များ တစ်ခုပြီးတစ်ခု ထိခိုက်ပျက်စီးသွားသည့် အကျိုးဆက် ဖြစ်သဖြင့် ပုံမှန်ဈေးကွက်စီးပွားရေးကို ပြန်တည်ဆောက်ရန် အချိန်ယူရဦးမှာဖြစ်ကြောင်း ကန့်သတ် မှုများသည့် ပေါ်လစီများကို ရပ်လိုက်ရုံ၊ ပယ်ဖျက်လိုက်ရုံနှင့် အခြေအနေက ချက်ချင်းပြန်ကောင်း လာမှာ မဟုတ်ကြောင်း ဦးဆက်အောင်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသားထားသည်။
“ဒါတောင် လက်ရှိလုပ်နေတဲ့အရာတွေ မှားနေတယ်ဆိုတာကို သိဖို့လိုတယ်။ ပြန်ပြင်ချင်တဲ့ ဆန္ဒ လည်း ရှိဖို့လိုတယ်။ ပြီးတော့ တကယ်ပြန်ပြင်ဖို့ လုပ်ငန်းစဉ်တွေလည်း ရှိဖို့လိုတယ်”ဟု ၎င်းက ပြော သည်။
နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သည့် ဆေးမြီးတိုဖြစ်သော ကုန်သည်များကို ဖမ်းကာ ဈေးနှုန်းကို ကန့်သတ်လိုက်လျှင် အခြေအနေက ခဏတာ ငြိမ်သွားနိုင်သော်လည်း ပြဿနာကို အမြစ်ပြတ် ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း ဆိုသည်။
“ထုတ်လုပ်မှု (Production) မတက်ရင် ရောင်းလိုအား (Supply) လည်း မတက်ပါဘူး။ တိရစ္ဆာန် အစာ၊ ဆေးဝါး၊ ကုန်ကြမ်း (Raw Materials) နဲ့ အခြားထုတ်လုပ်ရေးလိုအပ်ချက်တွေ (Inputs) မလုံ လောက်သရွေ့ ထုတ်လုပ်မှု တိုးလာဖို့ မဖြစ်နိုင်ပါဘူး။ ထုတ်လုပ်မှု မတိုးတော့ ဈေးကွက်ထဲကို ဝင် လာတဲ့ ရောင်းလိုအား (Supply) ကလည်း မတိုးပါဘူး။ ဝယ်လိုအား (Demand) က ယခင်အတိုင်း ရှိနေသရွေ့ ဈေးနှုန်းကျဖို့ အကြောင်းမရှိပါဘူး။ ဒါက အခြေခံ စီးပွားရေး သဘောတရားပါ။ဒါကြောင့် ကြက်ဥတစ်လုံးကို ၅၅၀ ကျပ်နဲ့ အတင်းရောင်းခိုင်းတာဟာလည်း ဈေးနှုန်းကို မလျှော့ပေးနိုင်ဘဲ ရောင်းလိုအားကိုသာ ပိုလျော့သွားစေနိုင်ပါတယ်။ ဈေးနှုန်းကို အတင်းသတ်မှတ်တဲ့ Price Ceiling ဟာ အခြေခံစီးပွားရေးသီအိုရီအရ ကုန်ပစ္စည်းရှားပါးမှု (Shortage) ကို ပိုဆိုးစေတဲ့ မူဝါဒတစ်ခုပါ”ဟု ဦးဆက်အောင်က ဆက်လက်ပြောသည်။
ယခုအတိုင်း ဆက်သွားနေမည်ဆိုလျှင် အခြေအနေက ပိုဆိုးလာမည်သာ ဖြစ်ကြောင်းလည်း ဦးဆက် အောင်က သတိပေးလိုက်သည်။
