အထက်မင်းလှတွင် PDF စည်းရုံးရေးဆင်းနေစဉ် ဝင်စီးရန်လာသော စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - United State Of Burma Army - USBA
ပုံစာ - တိုက်ပွဲဝင်ရဲဘော်များ (ပုံဟောင်း)

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်က ရွာတစ်ရွာတွင် PDFတပ်ဖွဲ့ဝင်များ စည်းရုံးရေးဆင်းနေစဉ် ဝင်ရောက်စီးနင်းရန်လာသည့် စစ်အုပ်စုဝင်များ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးကြောင်းသိရသည်။

ယနေ့ (ဇန်နဝါရီ ၂၆ရက်) နေ့ခင်း ၁၂နာရီခန့်တွင် အထက်မင်းလှမြို့နယ်၊ စစ္စနိုးကျေးရွာအတွင်း၌ PDFတို့ စည်းရုံးရေးဆင်းနေစဉ် ဒလန်သတင်းပေးမှုကြောင့် ယင်းရွာနှင့် တစ်ကီလိုမီတာအကွာရှိ လမ်းဆုံဂိတ်မှ စစ်အုပ်စုဝင် ၂၀ခန့်က ဝင်ရောက်စီးနင်းရန်လာစဉ် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ ရွာအဝင်၌ ၅မိနစ်ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း United State Of Burma Army – USBA က သတင်းထုတ်ပြန်သည်။

” ၅မိနစ်ဖြစ်တာ ထပ်မံသေဆုံးဒဏ်ရာရတွေကရှိနိုင်ပါတယ်။ ဒါပေမဲ့၊ ကျနော်တို့ မမြင်ရတဲ့အခါကျ မပြောနိုင်တော့ဘူးပေါ့။အနီးနားအိမ်တွေက ပြေးကြတာပေါ့။ ဝေးတဲ့အိမ်တွေကတော့ တံခါးတွေ ပိတ်ပြီး ပုန်းကြတော့တာ ” ဟု United State Of Burma Army – USBAမှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက MPA သို့ပြောသည်။

ယင်းတိုက်ပွဲအတွင်း ပြည်သူထိခိုက်မှုမရှိသော်လည်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကူအင်အား ၃၀ကျော် ရောက်ရှိလာပြီး စစ္စနို့ရွာအတွင်း မွှေနှောက်ကာ လက်နက်ကြီး၊လက်နက်ငယ်များလည်း ပစ်ခတ်နေသဖြင့် ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

” တချို့ပြေးပြီး တချို့က တံခါးပိတ် ပုန်းနေကြတော့တာ။ လောလောဆယ်တော့ ကျနော်တို့ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းမျိုးတော့ မကြားရသေးပါဘူးဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
စစ္စနိုးရွာနှင့် ပတ်ဝန်းကျင်နေရာများတွင် စစ်ကော်မရှင်ကို အားပေးထောက်ခံသူများပြားကြောင်း USBA က ထုတ်ပြန်ထားသည်။

စစ်အုပ်စုဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။