မလှိုင်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်တပ်၏ ဗုံးကြဲမှုများကြောင့် အရပ်သားတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က စက်တပ်လေထီး (Paramotor) အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မလှိုင်မြို့၌ စစ်ကော်မရှင်တပ်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၃ လုပ်ဆောင်နေစဉ်အတွင်း နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ မြို့အစွန်ရှိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ စစ်ကော်မရှင်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မလှိုင်မြို့၊ ရေငွေ့ကျေးရွာအရှေ့ခြမ်းရှိ နေအိမ်တစ်အိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဖခင်ဖြစ်သူ သေဆုံးခဲ့ပြီး သားဖြစ်သူအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

“ရေငွေ့ရွာ အရှေ့စကို ကျတာက လေးယောက်ထိပြီး တစ်ယောက်သေသွားတယ်။ သေတာက အဖေဖြစ်သူ သေသွားတာ၊ နေရာမှာတင် ပွဲချင်းပြီးပဲ။ ကျန်တဲ့သူတွေကတော့ မလှိုင်ဆေးရုံ၊ မိထ္တီလာဆေးရုံတို့ကို ပို့ထားရတယ်” ဟု ရေငွေ့ကျေးရွာမှ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

စစ်ကော်မရှင်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးခဲ့ရသည့် ရေငွေ့ကျေးရွာတွင် ရွေးကောက်ပွဲကျင်းပနေခြင်းမရှိသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိကြောင်း သိရသည်။

ယင်းနေ့ (ဇန်နဝါရီ ၂၅ ရက်) ညနေ ၆ နာရီဝန်းကျင်တွင်လည်း စစ်ကော်မရှင်တပ်က မလှိုင်မြို့အနောက်ဘက်ရှိ ထန်းတောနှင့် ပန်းအိုင်ကျေးရွာအနီး၊ မုံကန်ကျေးရွာသို့ သွားရာလမ်းများတွင်လည်း စက်တပ်လေထီး (Paramotor) အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သေးသည်။

“မြို့အနောက်ဘက်နဲ့ မြို့မြောက်ဘက်တွေမှာ ရွေးကောက်ပွဲမရှိဘူး။ စစ်တပ်က PDF တွေ ရှိမယ်အထင်နဲ့ ဗုံးလိုက်ကြဲနေတာ။ အဲ့ဒီနေရာတွေအကုန်လုံးက စစ်တပ်က တပ်ဖြန့်၊ တပ်စွဲထားတဲ့ နေရာတွေချည်းပဲ။ လက်နက်ကိုင်အချင်းချင်း မပစ်ရဲဘဲ ပြည်သူကို ဒုက္ခပေးနေတာ” ဟု ပန်းအိုင်ကျေးရွာမှ စစ်ရှောင်လာသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပန်းအိုင်၊ လျှော်ဖြူကုန်း၊ သဖန်းကန်နှင့် မုံကန်ကျေးရွာတို့မှ ဒေသခံအချို့မှာ တောတိုက် (လယ်စောင့်တဲ) များတွင် ပြောင်းရွှေ့နေထိုင်နေကြရကြောင်း သိရသည်။

“ကမ္ဘားဖြူကျေးရွာအုပ်စုထဲက လျှော်ဖြူကုန်း၊ သဖန်းကန်ရွာဘက်ကတော့ အများစုက ရွှေ့ကုန်ကြပြီ။ စစ်တပ်က မလှိုင် – ပန်းအိုင် – တောင်သာကြားထဲက ရွာတွေမှာ တပ်စွဲ၊ ဗုံးကြဲတာတွေ လုပ်နေတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင်လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်က မလှိုင်မြို့အနောက်ဘက် ရထားသံလမ်းကူးအတိုင်း မြောက်ဘက်သို့ သေနတ်များ ပစ်ဖောက်ရာ၊ ရထားသံလမ်းနှင့်နီးသည့် ကမ္ဘားဖြူကျေးရွာအနောက်ဘက်ခြမ်းမှ နေအိမ်နှစ်လုံး ပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိ အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့သေးသည်။