အမျိုးသမီးစစ်မှုထမ်းအကြောင်း မင်းအောင်လှိုင် ထည့်သွင်းပြောကြားလာ

ဇန်နဝါရီ၂၅ရက်က မန္တလေးတပ်နယ်အတွင်း တွေ့ဆုံပွဲတွင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင် လှိုင်က အမျိုးသမီးစစ်မှုထမ်းအကြောင်း ထည့်သွင်းပြောကြားလာခဲ့သည်။

လက်ရှိအချိန်တွင် စစ်တပ်ထဲ၌ အမျိုးသမီးစစ်မှုထမ်းများလည်း အမျိုးသားများနှင့် ရင်ပေါင်တန်းကာ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေပြီဖြစ်ကြောင်း စစ်သည်အင်အားနှင့် ရဲမေအင် အားများ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်၏ ကာကွယ်ရေးအင်အားစုမှာ များစွာတောင့် တင်း ခိုင်မာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ မန္တလေးတပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများအား မင်းအောင်လှိုင် အမှာစကားပြောကြားစဉ် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့သည်။

“စစ်မှုထမ်းစာရင်းတွေအရဆို ၂၀၂၅နှစ်ကုန်တဲ့အထိက စစ်မှုထမ်းအမျိုးသား တစ်သိန်းအထိ အဓမ္မ စု ဆောင်းပြီးပြီဆိုတော့ ဒီနှစ်မှာ အမျိုးသမီးစစ်မှုထမ်းသင်တန်းဖွင့်ဖို့ မင်းအောင်လှိုင်က ကြိုတင်စကား လမ်းကြောင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။မင်းအောင်လှိုင် မလုပ်ရဲတာ ဘာမှမရှိပါဘူး”ဟု မုံရွာအခြေစိုက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေ ပိုမိုများပြား သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်နိုင်ငံတွင် အမျိုးသမီးများ၏ လုပ်အား မနည်းသည်ကို တွေ့မြင် နိုင်ကြောင်းလည်း မင်းအောင်လှိုင်က ပြောသည်။

အမျိုးသမီးစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကို ရန်ကုန်တိုင်း၊မှော်ဘီမြို့ အ ခြေစိုက် အမှတ်၄ အရာခံနှင့် အကြပ်ကြီးသင်ကျောင်း(ရကသ ၄)တွင် ၂၀၂၅ခုနှစ်၊ဇွန်လအတွင်းက ဖွင့်လှစ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်ဟု Myanmar Defense & Security Institute –MDSI က ထုတ်ပြန်ခဲ့ဖူးသည်။

စစ်ကော်မရှင်ကမူ အမျိုးသမီးစစ်မှုထမ်းသင်တန်းဖွင့်လှစ်ကြောင်း ယနေ့ထိတိုင် တရားဝင်သတင်း ထုတ် ခြင်းမရှိသေးပေ။

စစ်မှုထမ်းသင်တန်း အပတ်စဉ်၂၀ကို ၂၀၂၅ခုနှစ်၊ဒီဇင်ဘာ၁၅ရက်က စစ်မှုထမ်းသင်တန်းကျောင်းများ တွင် ဖွင့်လှစ်ခဲ့သည်။