ဆွာတွင် စစ်တပ် အသေခံဒရုန်း ထိမှန်ကာ အငြိမ်းစားရဲ ဒဏ်ရာရ

ဓာတ်ပုံ-ကေအဲန်ယူ
ပုံစာ- ကေအဲန်ယူဌာနချုပ်ကို တိုက်ခိုက်ခဲ့သော အသေခံဒရုန်း။

ပဲခူးတိုင်း၊ ဆွာမြို့နယ် ၊ရွာသာယာကျေးရွာထဲသို့ စစ်တပ် လွှတ်တင်လိုက်သည့် အသေခံဒရုန်းတစ်စင်း ကျရောက်ပေါက်ကွဲခဲ့ရာ အငြိမ်းစားရဲတစ်ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆွာနယ်မြေ ရဲစခန်းမှ လွှတ်တင်သည်ဟု ယူဆရသော အသေခံဒရုန်းတစ်စင်းသည် ဆွာမြို့၊ ငါးကြီးကွေ့ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာ၊ အောင်ထူးချွန်ဘော်ဒါအနီး မုန့်ဆိုင်ဘေးသို့ ပျက်ကျ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရွာသာယာကျေးရွာနေ အငြိမ်းစားရဲ ဦးရွှေကြုတ်နှင့် လူငယ်တစ်ဦးတို့ မစိုးရိမ် ဒဏ်ရာရရှိခဲ့ကာ လူနာတင်ကားဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာ မျက်နှာ Yedashe Township Information က သတင်းထုတ်ပြန်သည်။

“ဆွာမှာ ပွဲကြမ်းနေတယ်။ နေပြည်တော်ဝိုင်းပတ်စစ်ဆင်ရေးဆိုတာကြီးက စစ်တပ်အတွက် တော် တော်အာရုံနောက်နေတယ်။ပြီးတော့ ဆွာမကြီးစခန်း အသိမ်းခံရပြီး ဗိုလ်မှူးတစ်ယောက်ပါ ပွဲ ပြီးသွားလို့ ပတ်ရမ်းနေတယ်။အခုလို ဒရုန်းတင်မကဘူး။လေကြောင်းတိုက်ခိုက်တာတွေပါ ဆက် တိုက်လာနေမှာ”ဟု ညောင်လေးပင်ခရိုင်အတွင်းရှိ PDFသတင်းရင်းမြစ်က MPAသို့ပြောသည်။

စစ်တပ်သည် လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော ပိတောက်ကုန်း၊ ကျွန်းကုန်း၊ ရေငံနှင့် အနီးတစ် ဝိုက်ကျေးရွာများသို့ ဒရုန်း၊ ဆူဆိုက်ဒရုန်း၊လက်နက်ကြီးနှင့် လေယာဉ်များ အသုံးပြုကာ တိုက်ခိုက် နေခြင်းကြောင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးနေကြောင်း Yedashe Township Information က ဆိုသည်။

ဇွန်၃ရက်တွင် ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးတပ်စခန်းကို PDFတပ်များ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား၂၀ကျော် သေဆုံးခဲ့ကြောင်း PDFစစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။