စစ်အုပ်စုအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် ဗြိတိန်လွှတ်တော်အမတ်များ တညီတညွတ်တည်း တောင်းဆို

ဗြိတိန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ထောက်ပံ့ကူညီပေးရန် စပ်လျဉ်းသည့် ဆွေးနွေးငြင်းခုံပွဲတစ်ခုကို ဇွန်လ ၁၀ ရက်နေ့က ဗြိတိန်ပါလီမန်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ၌ နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်အမတ်များသည် မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ရန်၊ တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဖြတ်တောက်မခံရစေရန် ဗြိတိန်အစိုးရ၏ ပိုမိုပြတ်သားသော လုပ်ဆောင်ချက်များကို တညီတညွတ်တည်း ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်ဟု Burma Campaign UKက ယနေ့(ဇွန် ၁၁ရက်)တွင် ထုတ်ပြန်ထားသည်။

အဆိုပါဆွေးနွေးပွဲကို ကွန်ဆာဗေးတစ်ပါတီမှ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆာဂျာရမီဟန့်တ် (Sir Jeremy Hunt) က စတင်ဦးဆောင်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး၊ ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာ့အရေး နိုင်ငံတကာတုံ့ပြန်မှုများတွင် ဘေးကနေ ဒီအတိုင်းရပ်ကြည့်မနေဘဲ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပြန်လည်ပါဝင်လာရန် တိုက်တွန်းခဲ့သည်။

ဆာဂျာရမီဟန့်တ်က “ဗြိတိန်ဟာ ဘေးကနေ ရပ်ကြည့်နေဖို့ မလိုပါဘူး၊ လုံးဝမရပ်ကြည့်နေသင့်ပါဘူး။ ဝန်ကြီးဘက်က ပြန်လည်ဖြေကြားတဲ့အခါမှာလည်း ဗြိတိန်အနေနဲ့ ဘေးကနေ ရပ်ကြည့်နေမှာမဟုတ်ဘူးဆိုတာကို ပြောပြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆာဂျာရမီဟန့်တ်က မြန်မာစစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိသော နိုင်ငံပိုင်ဘဏ်များကို ပိတ်ဆို့ရန်၊ အာရက္ခတပ်တော် (AA) ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန်၊ ကုလသမဂ္ဂတွင် ဗြိတိန်က ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရန်နှင့် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းနိုင်ရေး ပိုမိုဆန်းသစ်သော နည်းလမ်းများ ရှာဖွေရန် နှိုးဆော်ခဲ့သည်။

ထို့အတူ လေဘာပါတီမှ လွှတ်တော်အမတ် လူ့ခ် အက်ခ်ဟာ့စ်တ် (Luke Akehurst) ကလည်း ဗြိတိန်အစိုးရက ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် နှောင့်နှေးနေစဉ်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာခြင်းကို ထောက်ပြခဲ့သည်။

၎င်းက “စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကွန်ရက်အပြင်၊ အမ်နက်စတီ (Amnesty) နဲ့ ရိုက်တာ (Reuters) သတင်းဌာနတို့က ဖော်ထုတ်ထားတဲ့ အီရန်နိုင်ငံထုတ် ယမ်းပစ္စည်းတွေနဲ့ လေယာဉ်ဆီ၊ ဖောက်ခွဲရေးပစ္စည်းတွေ ပို့ဆောင်ပေးနေတဲ့ သင်္ဘောတွေ၊ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ လိုအပ်နေတယ်ဆိုတာကို ဝန်ကြီးအနေနဲ့ သဘောတူပါသလား” ဟု မေးခွန်းထုတ်ခဲ့သည်။

အလားတူ လေဘာပါတီအမတ် အာဖ်ဇယ်လ် ခန်း (Afzal Khan) ကလည်း “ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်နေပြီဖြစ်တဲ့ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဟာ အစ္စလာမ်ကြောက်ရောဂါရဲ့ အဆိုးရွားဆုံး သာဓကတစ်ခု ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အဓိကဝင်ငွေ အရင်းအမြစ်ဖြစ်တဲ့ စစ်တပ်ထိန်းချုပ်မှုအောက်က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဗြိတိန်အနေနဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) နည်းတူ လိုက်လံဒဏ်ခတ်ပိတ်ဆို့သင့်တယ်ဆိုတာကို သဘောတူပါသလား” ဟု မေးမြန်းခဲ့သည်။

ဒီမိုကရက်တစ် ယူနီယံပါတီမှ အမတ် ဂျင်မ် ရှန်နွန် (Jim Shannon) ကတော့ ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်နေမှုကို ထည့်သွင်းဆွေးနွေးခဲ့သည်။

၎င်းက “မတရားစစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ ချင်း၊ ကယား၊ ကချင်နဲ့ စစ်ကိုင်း၊ ရန်ကုန်တို့ရှိ ခရစ်ယာန်ဘာသာဝင် အများစု နေထိုင်ရာဒေသတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ရက်စက်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်နေပါတယ်။ Open Doors အဖွဲ့ရဲ့ အစီရင်ခံစာတွေအရ ခရစ်ယာန်လူထုဟာ မကြုံစဖူး အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဘုရားကျောင်းတွေဟာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်း ခံနေရပါတယ်။ ကျေးရွာတွေ မြေလှန်မီးရှို့ခံနေရပြီး ခရစ်ယာန်သင်းအုပ်ဆရာတွေဟာ မတရားဖမ်းဆီးခံရတာ၊ ပျောက်ဆုံးသွားတာနဲ့ သတ်ဖြတ်ခံနေရပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာ့အရေးဆိုင်ရာ ဗြိတိန်ပါလီမန်အမတ်များအဖွဲ့ (APPG-Burma) ၏ ပူးတွဲဥက္ကဋ္ဌ ရူရှာနာရာ အလီ (Rushanara Ali) ကလည်း ဗြိတိန်သည် ၂၀၂၄ ခုနှစ်ကတည်းက ပိတ်ဆို့မှုအသစ် တစ်ခုမှ ချမှတ်မှုမရှိခြင်းကို ထောက်ပြပြီး နိုင်ငံတကာလှုပ်ရှားမှုများတွင် ဗြိတိန်၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြောကြားသည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုမြင့်တက်နေချိန်မှာ ဗြိတိန်အစိုးရအနေနဲ့ စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေနဲ့ လက်နက်ထောက်ပံ့မှုတွေကို ရှာဖွေပိတ်ဆို့ဖို့၊ မဟာမိတ်တွေကိုလည်း အလားတူလုပ်ဖို့ တိုက်တွန်းသင့်ပါတယ်။ ကျွန်မတို့ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသားချင်းစာနာမှုနဲ့ စီးပွားရေး ထိခိုက်မှုတွေ၊ လူသေဆုံးမှုတွေ ရှိနေတာတောင် လေယာဉ်ဆီကဏ္ဍမှာ ကနေဒါနိုင်ငံနဲ့ ပူးပေါင်းပိတ်ဆို့ခြင်း မရှိသေးပါဘူး။ MOGE ကို ပိတ်ဆို့ရာမှာလည်း အမေရိကန်၊ ဥရောပသမဂ္ဂတို့နဲ့ မပူးပေါင်းရသေးသလို၊ တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့ အသုံးပြုနေတဲ့ စစ်တပ်ပိုင် Mytel ကို ပိတ်ဆို့ရာမှာလည်း အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေးပါဘူး။ အခြားနိုင်ငံတွေ ပိတ်ဆို့ထားပေမဲ့ ကျွန်မတို့ မလုပ်ရသေးတာတွေ အများကြီးရှိနေလို့ ဝန်ကြီးအနေနဲ့ ဒါတွေကို သေချာကြည့်ပြီး မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့ပြီး Burma Campaign UK အဖွဲ့၏ ကြိုးပမ်းမှုများကိုလည်း ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

လေဘာပါတီအမတ် ကတ်သရင်း ဝက်စ်တ် (Catherine West) ကလည်း မြန်မာနိုင်ငံအတွက် ဗြိတိန်၏ ကူညီထောက်ပံ့မှုများနှင့် ပတ်သက်ပြီး “ကမ္ဘာပေါ်က အခြားပဋိပက္ခတွေဖြစ်တဲ့ ဆူဒန်၊ ဂါဇာတို့နဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံက ရေရှည်ဖြစ်ပွားနေတဲ့ ဝမ်းနည်းစရာ ပဋိပက္ခဟာ အခုလို နောက်တန်းအမတ်တွေတင်မကဘဲ အစိုးရကိုယ်တိုင်ကပါ အခုထက်ပိုပြီး အာရုံစိုက်ဖို့ လိုအပ်နေတယ်ဆိုတာ သဘောတူပါသလား” ဟု မေးခွန်းထုတ်ခဲ့သည်။

လွှတ်တော်အမတ်များ၏ မေးခွန်းများကို ဗြိတိန်နိုင်ငံခြားရေးရုံး ဝန်ကြီး ဟာမစ်ရှ်ဖော်ကနာ (Hamish Falconer) က ပြန်လည်ဖြေကြားခဲ့သော်လည်း၊ ရှေ့ဆက်လုပ်ဆောင်မည့် ထိရောက်သော အစီအစဉ်သစ် တစ်စုံတစ်ရာကိုမျှ ကတိကဝတ်ပြု ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိခဲ့ပေ။

၎င်းသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က နိုင်ငံခြားရေးရုံးက လုပ်ဆောင်ခဲ့ဖူးသည့် အဟောင်းများကိုသာ ပြန်လည်ထုတ်ပြခဲ့ရပြီး၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင်မူ တက်ကြွသော လုပ်ဆောင်ချက် အနည်းငယ်သာ ရှိခဲ့ခြင်းဖြစ်သည်။

ဗြိတိန်အစိုးရ၏ ဝန်ကြီး ဟာမစ်ရှ် ဖော်ကနာက “မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဆိုးရွားနေဆဲဖြစ်ပေမဲ့ နှုတ်ဆိတ်နေဖို့ ဒါမှမဟုတ် ဆုတ်ခွာသွားဖို့ လမ်းမရှိပါဘူး။ ကျွန်တော်တို့ ဘေးကနေ ဒီအတိုင်း ရပ်ကြည့်နေမှာ မဟုတ်ပါဘူး။ စဉ်ဆက်မပြတ် ဖိအားပေးတာ၊ ပူးပေါင်းဆောင်ရွက်တာနဲ့ ပစ်မှတ်ထား ကူညီတာတွေကတစ်ဆင့် ထိခိုက်မှုတွေကို လျှော့ချနိုင်မှာဖြစ်ပြီး တာဝန်ခံမှုရှိစေကာ အနာဂတ်အတွက် အခြေခံအုတ်မြစ်တွေကို ချပေးနိုင်မှာပါ။ မြန်မာပြည်သူတွေရဲ့ သတ္တိနဲ့ ခံနိုင်ရည်ရှိမှုတွေက ဒါတွေကို တောင်းဆိုနေတာဖြစ်ပြီး၊ မြန်မာပြည်သူတွေ မျှော်မှန်းတဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်မယ့် အနာဂတ်အတွက် ကျွန်တော်တို့ လွှတ်တော်အမတ်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမှာပါ” ဟု နိဂုံးချုပ် ဖြေကြားသွားခဲ့သည်။

အဆိုပါ ပါလီမန်ဆွေးနွေးပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် Burma Campaign UK အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ အန်နာ ရောဘတ်စ် (Anna Roberts) က “ပိတ်ဆို့မှုအသစ်တွေနဲ့ ပြတ်သားတဲ့ အရေးယူမှုတွေလုပ်ဖို့ ပါတီစုံက တညီတညွတ်တည်း ထောက်ခံနေကြတာတောင်၊ ဗြိတိန်နိုင်ငံခြားရေးရုံးဘက်က မည်သည့်အသစ်အဆန်းမျှ ထွက်မလာခဲ့ပါဘူး။ ဝန်ကြီးဟာ နိုင်ငံခြားရေးရုံးက အတိတ်ကလုပ်ခဲ့တဲ့ အရာတွေကိုပဲ လိုက်လံစာရင်းဇယား ထုတ်ပြနေခဲ့ပြီး ဘေးကနေရပ်ကြည့်နေရင်းနဲ့ ‘ဘေးကနေ ရပ်ကြည့်နေမှာမဟုတ်ဘူး’ လို့ ပြောနေတာပါ။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သေဆုံးသူအရေအတွက် မြင့်တက်နေချိန်မှာ ပါတီစုံက အားပေးနေလျက်နဲ့ နိုင်ငံခြားရေးရုံးရဲ့ ဒီလို လေးလံထိုင်းမှိုင်းနေမှုဟာ လုံးဝကို အဓိပ္ပာယ်ရှာမရအောင် ဆိုးရွားလှပါတယ်” ဟု ပြင်းပြင်းထန်ထန် ဝေဖန်မှတ်ချက်ပြုခဲ့သည်။