By BBC
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်သည် သမိုင်းတွင် မကြုံစဖူးလောက်အောင် အံ့အားသင့်ဖွယ် ကမ္ဘာ့ပထမဆုံး “ထရီလီယံနာ” သူဌေးကြီး ဖြစ်လာတော့မည် ဖြစ်သည်။
Tesla ကုမ္ပဏီ၏ စီအီးအိုအဖြစ် လက်ရှိတွင် အမေရိကန်ဒေါ်လာ ၂၇၃ ဘီလီယံ တန်ဖိုးရှိ စတော့ရှယ်ယာများနှင့် ဝယ်ယူခွင့် များကို ပိုင်ဆိုင်ထားသည်။
သောကြာနေ့နှောင်းပိုင်းတွင် စတော့စျေးကွက်အတွင်း စတင်ရောင်းချတော့မည့် ၎င်း၏ ရော့ကတ်နှင့် AI နည်းပညာကုမ္ပဏီဖြစ်သော SpaceX ၏ ရှယ်ယာများကြောင့် နောက်ထပ် အမေရိကန်ဒေါ်လာ ၈၄၁ ဘီလီယံ ထပ်မံတိုးပွားလာမည် ဖြစ်သည်။
SpaceX ကို အများပြည်သူထံ ပထမဆုံးအကြိမ် ရှယ်ယာထုတ်ရောင်းမှု (IPO) အရ ကုမ္ပဏီတစ်ခုလုံး၏ စုစုပေါင်းတန်ဖိုးကို ၁.၇၇ ထရီလီယံဒေါ်လာ သတ်မှတ်ထားပြီး အီလွန်မတ်စ်သည် အဆိုပါ ရှယ်ယာအားလုံး၏ ထက်ဝက်နီးပါးကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
၎င်းပိုင်ဆိုင်သည့် အများပြည်သူပိုင် ကုမ္ပဏီကြီးနှစ်ခုတည်းကပင် အီလွန်မတ်စ်၏ စုစုပေါင်း ကြွယ်ဝချမ်းသာမှုသည် ဒေါ်လာ ၁.၁၁ ထရီလီယံအထိ ရှိလာတော့မည် ဖြစ်သည်။
သို့သော်လည်း အီလွန်မတ်စ်၏ ယခုချမ်းသာကြွယ်ဝမှုသည် ဘဏ်တစ်ခုခုထဲတွင် စုဆောင်းထားသည့် ငွေသားပုံကြီး မဟုတ်ဘဲ စာရွက်ပေါ်က ရှယ်ယာတန်ဖိုး (Paper Wealth) သာ ဖြစ်သဖြင့် ရှေ့ဆက်၍ ရင်းနှီးမြှုပ်နှံသူများက ၎င်း၏ Tesla နှင့် SpaceX ကုမ္ပဏီများအပေါ် ဘည်သို့ ဆက်လက်တန်ဖိုးဖြတ်မည်ဆိုသည့် အချက်ပေါ်တွင် အပြည့်အဝ မူတည်နေသည်။
ဒေါ်လာ တစ်ထရီလီယံ ဆိုသည်မှာ “တစ်သန်းပေါင်း တစ်သန်း” ရှိသည့် ပမာဏဖြစ်ပြီး လူတစ်ယောက်၏ သက်တမ်းတစ်ခုအတွင်း မည်သို့မျှ ကုန်အောင် သုံးစွဲနိုင်ရန် မဖြစ်နိုင်သည့် ငွေပမာဏ ဖြစ်သည်။ နမူနာအနေဖြင့် လူတစ်ယောက်သည် တစ်ရက်လျှင် ၂၄ နာရီပတ်လုံး၊ တစ်နာရီလျှင် အမေရိကန်ဒေါ်လာ တစ်သန်းနှုန်းဖြင့် နေ့စဉ်မပြတ် သုံးစွဲမည်ဆိုလျှင်တောင်မှ အဆိုပါ ဒေါ်လာ တစ်ထရီလီယံ ကုန်ဆုံးသွားရန်အတွက် နှစ်ပေါင်း တစ်ရာကျော် ကြာမြင့်မည် ဖြစ်သည်။
