လူပယောဂကြောင့် လျှပ်စစ်ဓာတ်အား ဆုံးရှုံးမှုများကို ဖော်ထုတ်အရေးယူမည်ဟု စစ်အုပ်စုလျှပ်စစ်ဌာန ကြေညာ

ဓာတ်ပုံ - လူမှုကွန်ရက်

မသမာမှုများအပါအဝင် လူပယောဂကြောင့် လျှပ်စစ်ဓာတ်အား ဆုံးရှုံးနေမှုများကို ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူသွားမည်ဟု စစ်အုပ်စု၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ဇွန်လ ၁၂ ရက်ထုတ် ၎င်းတို့လက်အောက်ခံ သတင်းစာများမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဥပဒေအရအပြင် စီမံခန့်ခွဲမှုနည်းလမ်းများဖြင့်လည်း အရေးယူမည်ဟု ဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား မသမာမှုများကို ကိုယ်တိုင်လုပ်ဆောင်နေပါက ရပ်တန့်ရန်နှင့် အခြားသူများ လုပ်ဆောင်နေသည်ကို တွေ့ရှိပါကလည်း တားဆီးခြင်းနှင့် သတင်းပေးပို့ခြင်းများ ဆောင်ရွက်ရန် ဆိုထားသည်။

လက်ရှိတွင် ထုတ်လုပ်ထားသည့် လျှပ်စစ်ဓာတ်အား၏ ၁၈ ဒသမ ၃၈ ရာခိုင်နှုန်းခန့် (ယူနစ် ၃,၅၅၉ သန်းခန့်) သည် ဓာတ်အားပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် နှစ်စဉ်ဆုံးရှုံးနေရသဖြင့် ယင်းဆုံးရှုံးမှုများ လျော့နည်းစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဝန်ကြီးဌာနဘက်ကမူ ဓာတ်အားဆုံးရှုံးရခြင်းတွင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများအပြင် လူတို့၏ လုပ်ဆောင်ချက်များကြောင့်လည်း ပါဝင်နေကြောင်း၊ ထို့ကြောင့် နည်းပညာပိုင်း အဆင့်မြှင့်တင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို ပုံမှန်ထိန်းသိမ်းခြင်း၊ Smart မီတာများ တပ်ဆင်ခြင်းနှင့် လျှပ်စစ်သုံးစွဲမှု စောင့်ကြည့်သည့် စနစ်များကို လုပ်ဆောင်နေကြောင်း ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်ကျော်လာသည့်တိုင်အောင် လျှပ်စစ်မီးပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသည့်အပြင် အခြေအနေမှာ ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် စစ်အုပ်စုက လျှပ်စစ်မီတာပုံးအသစ် လျှောက်ထားခွင့်ကို ပိတ်ပင်ထားသည်မှာ ၄ နှစ်နီးပါး ရှိနေပြီဖြစ်ကြောင်း ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် လျှပ်စစ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မီတာပုံးက ပုံးဟောင်းတွေကိုပဲ သုံးနေကြရတာ။ အသစ်မချပေးတာ အတော်ကြာနေပြီ။ ကျနော်မှတ်မိသလောက် ၃၊ ၄ နှစ်လောက်ရှိနေပြီ။ တချို့ဆို နှစ်အိမ်၊ တစ်အိမ်တွဲသုံးနေရတာများတယ်။ နားလည်မှုနဲ့ပေါ့။ မီတာခ ပေါင်းဆောင်ပုံစံမျိုးပေါ့။ အခုလို အရေးယူမယ်ဆိုရင် မြို့နယ် လျှပ်စစ်လောက်နဲ့မရဘူး။ တိုင်းခရိုင်က လာစစ်မှပဲရမယ်” ဟု ၎င်းက ပြောသည်။

စစ်အုပ်စုက မီတာပုံးအသစ်များ ချမပေးသဖြင့် လူထုအနေဖြင့် နည်းအမျိုးမျိုးဖြင့် လျှပ်စစ်မီးရရှိရန် ကိုယ်တိုင်ကြံဆ လုပ်ဆောင်ခဲ့ကြရပြီး၊ ယင်းအထဲတွင် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများလည်း ပါဝင်နေကြောင်း သိရသည်။

ထို့ကြောင့် စစ်အုပ်စုက အမှန်တကယ် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ပါက အရေးယူခံရမည့်သူ အမြောက်အမြား ရှိလာနိုင်ကြောင်း ဖြစ်စဉ်ကို သိရှိသူများက သုံးသပ်ထားကြသည်။

လက်ရှိအချိန်ထိ ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင်ပင် လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့်သာ ပေးဝေနိုင်ဆဲ ဖြစ်သည်။

အဆိုပါ လျှပ်စစ်ဓာတ်အား ဆုံးရှုံးမှု ရှာဖွေရေးနှင့် လိုင်းပြုပြင်ရေး အကြောင်းပြချက်များကြောင့် ပြည်တွင်းရှိ မြို့နယ်အချို့တွင် ရက်ရှည်မီးပြတ်တောက်မှုများ ရှိလာမည်ဖြစ်ကြောင်းလည်း စစ်အုပ်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြေညာချက်အတွင်း ထည့်သွင်းဖော်ပြထားသည်။
နေပြည်တော်တွင် လျှပ်စစ်ဓာတ်အားလိုင်း ပြောင်းရွှေ့သွယ်တန်းခြင်းများ ပြုလုပ်မည်ဖြစ်သဖြင့် မနက်ဖြန် ဇွန်လ ၁၃ ရက်တွင် အေလာနှင့် သာဝတ္ထိမြို့တို့ရှိ အစိုးရရုံးဌာနများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ လျှပ်စစ်မီးပြတ်တောက်မည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး – ဟိုပုံး၊ ဟိုပုံးနှင့် မိုင်းပွန် ဓာတ်အားလိုင်းများကို စစ်ဆေးရန် ရှိသဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နေရာအချို့၊ ဟိုပုံးမြို့၊ ကျောက်တန်းမြို့နှင့် မိုင်းပွန်မြို့များ အပါအဝင် ကျေးရွာပေါင်း ၁၀၆ ရွာတွင် လာမည့် ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် လျှပ်စစ်မီး ဆက်တိုက်ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။