သံတမန်ကျင့်ဝတ်ချိုးဖောက်ပြီး ဝန်ကြီးအဆင့်ကို သီဟာသနပလ္လင်ရှေ့ မင်းအောင်လှိုင် လက်ခံတွေ့ဆုံနေသည့်အပေါ် စိတ်မလုံခြုံမှုကြောင့်ဟု ဝေဖန်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိမိကိုယ်ကို ယာယီသမ္မတအဖြစ် ခန့်အပ်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာ သံခင်းတမန်ခင်း ကျင့်ဝတ် (Protocol) များကို ချိုးဖောက်နေသည်။

လာရောက်သမျှ နိုင်ငံခြားရေးဝန်ကြီးအဆင့်များကို နိုင်ငံတော်အကြီးအကဲများသာ အသုံးပြုရမည့် သီဟာသနပလ္လင်ရှေ့၌ လက်ခံတွေ့ဆုံနေသည့် ဖြစ်စဉ်အပေါ် စောင့်ကြည့်လေ့လာသူများနှင့် ပြည်သူများအကြား ပြင်းထန်စွာ ဝေဖန်မေးခွန်းထုတ်မှုများ ပေါ်ပေါက်လျက်ရှိသည်။

စစ်အုပ်စုဘက်က တရားဝင်ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းများအရ ပြီးခဲ့သည့် ဧပြီလအတွင်းက လာရောက်ခဲ့သည့် ထိုင်းဒုဝန်ကြီးချုပ် ဆီဟာဆတ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့အပြင်၊ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က နေပြည်တော်သို့ လာရောက်ခဲ့သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ကိုပါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သီဟာသနပလ္လင်ရှေ့၌ အခမ်းအနားဖြင့် လက်ခံတွေ့ဆုံခဲ့သည်ကို တွေ့ရှိရသည်။

သံခင်းတမန်ခင်း ကျင့်ဝတ် Protocol အရ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကဲ့သို့သော ဝန်ကြီးအဆင့်များ လာရောက်ချိန်တွင် ပလ္လင်ရှေ့၌ တန်းတူထိုင်ခွင့်မပြုရဘဲ၊ အင်ဒိုနီးရှား သမ္မတကိုယ်တိုင် လာရောက်မှသာ နိုင်ငံတော်အကြီးအကဲအဆင့်ချင်း ပလ္လင်ရှေ့တွင် အတူတူထိုင်ခွင့်ရရမည် ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူ နိုင်ငံရေးအကဲခတ်များက ဆိုသည်။

နိုင်ငံရေးနှင့် သံတမန်ရေး လေ့လာသူများကမူ လက်ရှိအချိန်တွင် သမ္မတအတုအဖြစ် ခံယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဆီယံအပါအဝင် နိုင်ငံတကာခေါင်းဆောင်များ၏ ဖယ်ကြဉ်မှုကို ခံထားရသဖြင့် ၎င်းတို့နှင့် တွေ့ဆုံခွင့်မရတော့ဘဲ၊ လာသမျှ နိုင်ငံခြားရေးဝန်ကြီးအဆင့်လောက်ကိုသာ အတင်းအကျပ် ထွက်တွေ့နေရခြင်းဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။

ထို့ပြင် မိမိကိုယ်ကို သမ္မတအစစ်အမှန်ဖြစ်ကြောင်း သက်သေပြချင်ဇောဖြင့် သံတမန်ကျင့်ဝတ်ကိုပါ ချိုးဖောက်ကာ ပလ္လင်ရှေ့တွင် အပြိုင်အဆိုင် ပေးထိုင်နေရခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စာနယ်ဇင်းများနှင့် လူမှုကွန်ရက်သုံး ပြည်သူများက ပြည်သူ့ရွေးချယ်ခံ သမ္မတ ဦးဝင်းမြင့် လက်ထက်က သံတမန်ကျင့်ဝတ် Protocol စံနှုန်းများနှင့် နှိုင်းယှဉ်ထောက်ပြထားကြသည်။

အတိတ်ဖြစ်စဉ်ကို ပြန်ကြည့်လျှင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ပြည်သူ့သမ္မတ ဦးဝင်းမြင့်အနေဖြင့် ၎င်းကို သီဟာသနပလ္လင်ရှေ့၌ တွေ့ဆုံခွင့်မပြုခဲ့ဘဲ ဘေးဧည့်ခန်းခုံတွင်သာ စနစ်တကျ ထိုင်ခွင့်ပြုပြီး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“တကယ်သာ ကိုယ့်ကိုယ်ကိုယ် ပြည်သူက ရွေးချယ်ထားတဲ့ သမ္မတအစစ်အမှန်ဆိုရင် ဘယ်နိုင်ငံဝန်ကြီးပဲလာလာ Protocol အတိုင်း ပြတ်ပြတ်သားသား ဆက်ဆံရဲရမယ်” ဟု စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

အဆိုပါ ထောက်ပြချက်အပေါ် စစ်လော်ဘီများနှင့် စစ်အုပ်စုဘက်က တစ်စုံတစ်ရာ အသံမထွက်ရဲဘဲ နှုတ်ဆိတ်နေကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ သမ္မတရာထူး တရားဝင်မှု ရရှိရေးအတွက် နိုင်ငံတကာမှ ဝန်ကြီးအဆင့်များကို သံတမန်ကျင့်ဝတ် Protocol များ ချိုးဖောက်ပြီး အလိုလိုက် မျက်နှာချိုသွေးနေရသည့်အပေါ် လူမှုကွန်ရက်သုံး ပြည်သူများက “မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရပြီး ယိုသူမရှက် မြင်သူရှက် ဖြစ်ရတယ်” ဟု ဝေဖန်မှတ်ချက်ပေးနေကြသည်။

နိုင်ငံရေးသုံးသပ်သူများကမူ စစ်ခေါင်းဆောင်သည် ပြည်သူက တရားဝင်ရွေးချယ်ထားသည့် သမ္မတမဟုတ်သည့်အတွက် စိတ်မလုံခြုံမှုများ ကြီးစိုးနေပြီး၊ စစ်အုပ်စု၏ အထီးကျန်ဖြစ်နေသည့် သံတမန်ရေးအကြပ်အတည်းကို ဖုံးကွယ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေရခြင်းသာ ဖြစ်ကြောင်း သုံးသပ်ထားကြသည်။