မန္တလေး PDF ခေါင်းဆောင်ဟောင်း ရဲဘော်မုန်တိုင်း တရားမဝင်ထုတ်ယူထားသော တပ်ပိုင်ရွှေ ၁၆ပိဿာကျော်ကို ပြန်မအပ်သေး၊ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေ

မန္တလေးPDF ခေါင်းဆောင်ဟောင်း ရဲဘော်မုန်တိုင်း တရားမဝင်ထုတ်ယူထားသည့် တပ်ဖွဲ့ပိုင် ရွှေ ၁၆ပိဿာကျော်ကို ပြန်မအပ်သေးကြောင်း NUGကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

ရဲဘော်မုန်တိုင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ စစ်ဦးစီးအဖွဲ့ အကြီးအကဲနှင့် ရဲ ဘော်နိုင်ကြီးသည် စစ်ထောက်တာဝန်ခံအဖြစ် ၂၀၂၅ခုနှစ်၊ဖေဖေါ်ဝါရီအထိ တာဝန်ထမ်းဆောင်ခဲ့ကြ ပြီး ရဲဘော်မုန်တိုင်းသည် တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတဦးနှင့် လူမှုရေးဖောက်ပြန်မှု ကျူး လွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့သဖြင့် အချုပ်ပြစ်ဒဏ် ၆လ ပြစ်ဒဏ်ချမှတ်ခဲ့ ကြောင်း အချုပ်ပြစ်ဒဏ်ကာလအတွင်း စစ်ဆင်ရေးကိစ္စများမှတပါး တပ်ဖွဲ့၏ ကျန်လုပ်ငန်းဆောင် တာများမှ အနားပေးခဲ့ပြီး စစ်ရေးဌာနကြီး၏ ဌာနကြီးမှူးအဖြစ် ဆက်လက် တာဝန်ပေးကာ ရဲဘော် နိုင်ကြီးအား ဘဏ္ဍာရှာဖွေရေးဌာန၏ ဌာနကြီးမှူးအဖြစ် တာဝန်ပေးခဲ့ကြောင်း သိရသည်။

ရဲဘော်မုန်တိုင်းသည် ပြစ်ဒဏ်ကျခံနေရသည့် ကာလအတွင်း ဘဏ္ဍာရှာဖွေရေးဌာန၏ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးအား တရားမဝင်ဆက်သွယ်စေခိုင်း၍ တပ်ဖွဲ့ပိုင် ဘဏ္ဍာငွေကြေးနှင့် ရွှေများအား ထုတ်ယူမှုများ ရှိနေကြောင်း သတင်းရရှိသဖြင့် ၂၀၂၅ ခုနှစ်၊ မေလတွင် တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ရာ ရဲဘော်မုန်တိုင်းနှင့် ရဲဘော်နိုင်ကြီးသည် တပ်ဖွဲ့ပိုင် ရွှေ ၁၆ဒဿမ၆ ပိဿာ အား တရားမဝင်ထုတ်ယူသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်တွင် ကျင်းပခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဗဟိုဦး ဆောင်ကော်မတီ အစည်းအဝေးတွင် တရားမဝင်ထုတ်ယူသွားသော ဘဏ္ဍာ၊ပစ္စည်းများ အတွက် အပြစ်ရှိကြောင်း ကာယကံရှင် ၂ဦးစလုံးက ဝန်ခံခဲ့ကာ အဆိုပါ ဘဏ္ဍာ၊ပစ္စည်းများကို တပ်ဖွဲ့ထံ အမြန်ဆုံးပြန်လည်အပ်နှံရမည် ဖြစ်ကြောင်းနှင့် ယင်းပြစ်မှုအတွက် ပေးအပ်သည့် ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်း ၎င်းတို့၂ဦး ကတိပြု ခဲ့ကြောင်း သို့သော်၊ ၎င်းတို့၂ဦးစလုံးသည် ပြစ် ဒဏ်ကို မခံယူဘဲ အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲခဲ့ရုံသာမက ရွှေကိုလည်း ပြန်မအပ်ခဲ့သည့်အပြင် တပ်ဖွဲ့ ဦးဆောင်သူများ၏ လမ်းညွှန်ကြီးကြပ်မှုကိုလည်း မနာခံခဲ့ကြောင်း ထို့ကြောင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော်(မန္တလေး) သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ထံ တင်ပြကာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ စတင်ပြီး ရဲဘော်မုန်တိုင်းနှင့် ရဲဘော်နိုင်ကြီးတို့ အား ကနဦးအရေးယူမှု ဆောင်ရွက်ခဲ့ရကြောင်း ထုတ်ပြန်သည်။

၎င်းတို့၂ဦးကို ကနဦးအရေးယူမှုများမှာ တပ်၏ လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်းနှင့် လက်နက် ဖြုတ်သိမ်း၍ အချုပ်ဖြင့် ထိန်းသိမ်းထားရှိခြင်းတို့ဖြစ်ပြီး ယင်းအချိန်တွင်ပြည်သူ့ကာကွယ်ရေးတပ် မတော်(မန္တလေး)၏ တပ်ရင်း၊တပ်ဖွဲ့များအနေဖြင့် မတ္တရာ၊ စဉ့်ကူး စစ်ဂွင်များမှ တပ်များအ ဆင့်ဆင့်ဆုတ်ခွာပြီး ခွာစစ်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နေချိန် ဖြစ်ကြောင်း သိရသည်။

ယင်းနောက် NUGကာကွယ်ရေးဝန်ကြီးဌာန၊PDFစစ်ရုံးချုပ်က စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း၍ ၂၀၂၆ခုနှစ်၊ဇန်နဝါရီတစ်ရက်မှစတင်ကာ တိုင်ကြားသူနှင့် တိုင်ကြားခံရသူများအပါအဝင် သက် သေစုစုပေါင်း ၂၀ တို့အား စုံစမ်းစစ်ဆေးခဲ့ပြီး လက်ရှိ စုံစမ်းစစ်ဆေးမှုအခြေအနေ၊ ဆက်လက်စုံ စမ်းစစ်ဆေးရန် လိုအပ်သည့် ကိစ္စရပ်များနှင့် လမ်းညွှန်မှုကို တောင်းခံတင်ပြသော ကြားဖြတ် အစီရင်ခံစာ တစောင်ကို စစ်ရုံးချုပ်မှတစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်၌ အစီရင်ခံတင်ပြခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကြားဖြတ်အစီရင်ခံစာတွင် ပြည်သူ့ကာကွယ်ရေးတပ် မတော် (မန္တလေး)၏ ယခင်ဖွဲ့စည်းပုံ၌ ဘဏ္ဍာရေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရှိသော်လည်း ရဲဘော်မုန်တိုင်းအနေဖြင့် ယင်းလုပ်ထုံး လုပ်နည်းများကို ချိုးဖောက်၍ တစ်ဦးတည်း စီမံဆောင် ရွက်ခဲ့ခြင်း။ရဲဘော်မုန်တိုင်းနှင့် လူမှုရေးဖောက်ပြန်ခဲ့သူမှာ (ယခင်ဖွဲ့စည်းပုံ)ဘဏ္ဍာရေးဌာန၏ ဌာနမှူးဖြစ်နေခြင်း။၂၀၂၅ ဖေဖော်ဝါရီတွင် တပ်ဖွဲ့ ဖွဲ့စည်းပုံ ပြောင်းလဲချိန်၌ လွှဲပြောင်းပေးရမည့် ဘဏ္ဍာရေးနှင့် ရွှေလုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၏ Hard Copy နှင့် Soft Copy များအား ရဲဘော် မုန်တိုင်းက ဖျက်ဆီးစေခဲ့ခြင်း။ရဲဘော်မုန်တိုင်းက ရဲဘော်နိုင်ကြီးထံမှ ထုတ်ယူသွားသည့် ရွှေ များကို ၎င်းတို့အား အရေးယူသည့်အချိန်ထိ တာဝန်ရှိသူများထံသို့ ပြန်လည်အပ်နှံမှု မရှိခြင်း။ရွှေ ထုတ်ယူ သည့်ကာလမှာ ရဲဘော်မုန်တိုင်း တာဝန်ထမ်းဆောင်ဆဲ ကာလမဟုတ်ဘဲ ၎င်းအား လူမှုရေး ဖောက် ပြန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ကာလတွင် ဖြစ်နေခြင်း။ဘဏ္ဍာရှာဖွေရေးဌာန၏ ဌာန ကြီးမှူး ရဲဘော်နိုင်ကြီးသည် ၎င်း၏ သဘောဆန္ဒအလျောက် ရွှေ ၁၆ ပိဿာကျော်ကို ရဲဘော်မုန်တိုင်း ထံသို့ ထုတ်ပေးလိုက်ခြင်းမှာ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီဘဲ လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်ခြင်း စသည့် အဓိကတွေ့ရှိသော အချက်၈ချက် ပါဝင်သည်။

အထက်ပါအကြောင်းအချက်များအရ ရဲဘော်မုန်တိုင်းနှင့် ရဲဘော်နိုင်ကြီးတို့အား စစ်ဘက် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကောင်းမွန်စွာထိန်းသိမ်းပြီး စုံစမ်းစစ် ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။