အမေရိကန်တွင် လိင်ရာဇဝတ်မှု မှတ်ပုံတင်စည်းကမ်း ဖောက်ဖျက်သည့် မြန်မာနိုင်ငံသားတစ်ဦးကို ICE အဖွဲ့ ဖမ်းဆီး

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဝန်ထမ်းဌာန (ICE) ၏ ၂၈၇(G) ပူးတွဲမဟာမိတ်အဖွဲ့ဖြစ်သော ဖလော်ရီဒါပြည်နယ် ဥပဒေစိုးမိုးရေးဌာနသည် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်မှု (ရာဇဝတ်မှုကြီး မြောက်သည့် စွဲချက်နှစ်ခု) ဖြင့် မြန်မာနိုင်ငံသား သန်းဆွမ်ဒါးလ် (Thang Suan Dal) ကို ဖမ်းဆီးလိုက်ကြောင်း ဇွန်လ ၁၈ ရက် ယနေ့တွင် သတင်းထုတ်ပြန်သည်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ၎င်းသည် ကလေးသူငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားရန် ကြိုးပမ်းမှုဖြင့် ပြစ်ဒဏ်စီရင်ခြင်း ခံခဲ့ရဖူးသူ ဖြစ်သည်။

လက်ရှိတွင် ၎င်းကို အော်ရိန့်ခရိုင် (Orange County) အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး၊ အဆိုပါ တရားခံအား လူထုအတွင်းသို့ ပြန်လည်လွတ်မြောက်သွားခြင်း မရှိစေရန်အတွက် ICE အဖွဲ့က ဒေသခံအကျဉ်းထောင်သို့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဆက်လက်ထိန်းသိမ်းလွှဲပြောင်းပေးရန် အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။