ဆိပ်ဖြူမြို့ထိပ်တိုက်ပွဲ အောင်မြင်ရေးအတွက် သတင်းကြိုပို့သော တပ်တွင်းဖရဲသီးကို ထိုက်တန်စွာ ဆုချီးမြှင့်မည်

ဓာတ်ပုံ- MVRF
ပုံစာ- အောင်ပွဲခံတော်လှန်ရေးရဲဘော်များနှင့် သိမ်းဆည်းမိသော လက်နက်ခဲယမ်းများ။

မကွေးတိုင်း၊ဆိပ်ဖြူမြို့ထိပ်တိုက်ပွဲ အောင်မြင်ရေးအတွက် သတင်းကြိုတင်ပေးပို့ခဲ့သော တပ်တွင်းဖရဲသီးကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဟု မြိုင်မြို့နယ်ကျေးရွာများ တော်လှန် ရေးတပ်ဦး MVRF က သတင်းထုတ်ပြန်သည်။

မကွေးတိုင်း၊ဆိပ်ဖြူမြို့ပေါ်မှ ထွက်လာသော စစ်ယာဉ်တန်းကို ဆိပ်ဖြူမြို့ထိပ်တွင် ဇွန် ၁၆ ရက်နေ့ ညနေပိုင်း၌ တော်လှန်ရေးတပ်များက သတင်းအရ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ လေကြောင်းရန်ကာ ကွယ်ရေးတပ်(၃၀၃၆)မှ ဗိုလ်ကြီး ဖြိုးသူရအောင်အပါအဝင် စစ်သား၁၀ဦး သေဆုံးခဲ့ပြီး သေနတ်၈ လက် သိမ်းဆည်းရမိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ်၆ တပ်ရင်း- MVRF က ထုတ်ပြန်ထားသည်။

MVRF တပ်ရေးဗိုလ် ရဲဘော်လွမ်းနောင်က “တပ်တွင်းသတင်းပေးကို ထိုက် ထိုက်တန်တန် ဆုချီးမြှင့် မှာပါ။ ဘယ်လောက်ဆိုတဲ့ ပမာဏကတော့ ကျနော်တို့ စဉ်းစားထားတာ မရှိသေးပါဘူး။ အခုလော လောဆယ် ကျနော်တို့ ရရှိထားတဲ့ လက်နက်တွေရောနဲ့ အောင်မြင်မှုက တော်တော်ကြီးပါတယ်။ ရန်သူ မထင်မှတ်တဲ့နေရာမှာ ကောင်းကောင်းကြီး လုပ်လိုက်နိုင်တာဆိုတော့လေ။ ဒီကိစ္စမှာ တပ် တွင်းဖရဲသီးက တကယ်ကို အရေးကြီးပါတယ်”ဟု MPAသို့ပြောသည်။

ယခုအောင်ပွဲအတွက် သတင်းကြိုတင်ပေးပို့ခဲ့သော တပ်တွင်းသတင်းရင်းမြစ်သည် အကြောင်းအမျိုး မျိုးကြောင့် အလင်းဝင်နိုင်ခြင်း မရှိသေးသူဖြစ်ပြီး တိုက်ပွဲဝင်ရဲဘော်အနည်းငယ်ဖြင့် အရာရှိတစ်ဦးကို ပါ သုတ်သင်လိုက်နိုင်ခြင်းနှင့် လက်နက်များသိမ်းဆည်းရရှိမှုသည် တပ်တွင်းသတင်းရင်းမြစ်၏ အ ရေးပါမှုကို ဖော်ပြနေကြောင်း ရဲဘော်လွမ်းနောင်က ဆိုသည်။

“တပ်တွင်းသတင်းတွေရဲ့ အခန်းကဏ္ဍက တော်လှန်ရေးမှာ တော်တော်ကြီး အရေးပါပါတယ်။ရန်သူ အခြေအနေ အကုန်လုံးကို အလုံးစုံ သိရှိနိုင်တယ်ပေါ့လေ”ဟု ၎င်းက ဆက်လက်ပြောသည်။
တပ်တွင်းသတင်းရင်းမြစ်တို့၏ သတင်းပေးမှုကြောင့် အောင်မြင်ခဲ့သည့် တိုက်ပွဲများစွာရှိကြောင်း လည်း သိရသည်။

တပ်တွင်းသတင်းရင်းမြစ် စနစ်တကျမွေးမြူခြင်းကို တော်လှန်ရေးအတွက် အရေးပါသည့် လုပ်ငန်း စဉ်တစ်ရပ်အနေနှင့် ထည့်သွင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ရဲဘော်လွမ်းနောင်က ဆိုသည်။
အဆိုပါတိုက်ပွဲအပြီးတွင် MA-1 သေနတ် ၅ လက်၊ MA-2 သေနတ် တစ်လက်၊ MA-3 သေနတ်တစ် လက်၊ MA-5 သေနတ် တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်ဆန် ၂၆၀ ၊ ကျည်ဘောက်၁၈ခု ၊ငွေ သားအချို့နှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“သိမ်းဆည်းရမိတဲ့လက်နက်တွေက ထုတ်ပြန်ထားတဲ့အတိုင်း စစ်သားတွေ သေဆုံးတယ်ဆိုတာကို ဖော်ပြနေတယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၇ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MGY-PDF)၊ ဆိပ်ဖြူမြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့(NSP)၊ ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၃ တို့ပူး ပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။