ရန်ကုန်တွင် ဘုရားပန်းများ ရောင်းကောင်း ၊ ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူးကာ ဘုရားပန်းကပ် ဆုတောင်းကြဟုဆို

ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်း၌ ဘုရားပန်းများ ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊လှိုင်၊ကမာရွတ်နှင့် တောင်ဥက္ကလာတို့တွင် ယနေ့(ဇွန်၁၉ရက်)နံနက်ပိုင်း၌ ဘုရားပန်း ရောင်းအား ပြိုက်ခနဲ ကုန်သည်အထိ ရောင်းအားကောင်းခဲ့ပြီး အမျိုးသမီးများ လာဝယ်ကြကြောင်း MPAက စုံစမ်း သိရသည်။

“ရန်ကုန်မှာ ဘုရားပန်းတွေ ဒီနေ့ရောင်းကောင်းနေတယ်။ လှိုင်စျေးကြီးမှာ ဒီနေ့အဝယ်များတယ်။ နှင်းဆီသွားဝယ်တာ မနေ့ညနေက ကြိုယူတဲ့သူတွေကြောင့် ဒီမနက် မရဘူး။ စံပယ်ပန်းသည်တွေ ခရေပန်းသည်တွေလည်း ရောင်းကောင်းတယ်”ဟု လှိုင်မြို့နယ်၊ဘူတာရုံလမ်းနေ အမျိုးသမီးတစ်ဦး က MPAသို့ပြောသည်။

နှင်းဆီပန်း ဝယ်ချင်သူတို့မှာ ဇွန်၁၈ရက်ညနေကတည်းက ကြိုတင်ဝယ်ယူကြပြီး ပန်းသည်များက လည်း ယနေ့နံနက်ပိုင်းတွင် နှင်းဆီပန်းမတင်ကြောင်း လှည်းတန်းမီးရထားခုံးကျော်တံတားအနီးနေ အသက်၄၀ကျော်အရွယ်ရှိ အိမ်ထောင်ရှင်မတစ်ဦးက ဆိုသည်။

“နှင်းဆီပန်းကြိုမှာထားတဲ့သူတွေက မနက်အစောကြီး ဈေးသည်တွေဆီက သွားယူကြတယ်။မနက် ခင်း ၆နာရီကျော်လောက် ဈေးထဲရောက်တဲ့အချိန်မှာ နှင်းဆီပန်းတင်တာ မတွေ့ရဘူး။ရင်းနှီးတဲ့ ဈေး သည်ကို မေးကြည့်တော့ လာဖမ်းမှာ စိုးလို့ မတင်ကြတာတဲ့။ဘုရားပန်းတွေရော တခြားပန်းတွေရော ပြိုက်ခနဲ ကုန်တာပဲ”ဟု ၎င်းက ပြောသည်။

ပန်းသည်အချို့မှာ ယနေ့နံနက်ပိုင်းတွင် ပန်းရောင်းကောင်းမည်ဟု ယုံကြည်၍ ပုံမှန်ရောင်းနေကျ ပန်းအရေအတွက်ထက် ၂ဆ မှာကာ ရောင်းကြသည်ဟု သိရကြောင်း တောင်ဥက္ကလာပ၊ ၇ဆူဘု ရားအနီးနေ အသက်၃၀ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ပန်းသည်တွေ ဒီနေ့ တော်တော်မျက်နှာပန်းလှနေရော။ နားလည်မှုနဲ့ ရောင်းတယ်။နားလည်မှုနဲ့ ဝယ်ကြတယ်။ဘာကြောင့်ရောင်းပြီး ဘာကြောင့်ဝယ်တယ်ဆိုတာ အားလုံး သိကြတယ်။ကျမက စပယ်ပန်းဝယ်ပြီး ဘုရားမှာကပ်တယ်။အမေစုအတွက် ဆုတောင်းတယ်။ဖေ့စ်ဘွတ်ခ်တော့ မတင် ရဲဘူး”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ အမျိုးသမီးများမှာ ယနေ့နံနက်ပိုင်းတွင် ဘုရားပန်းဝယ်၍ ဘုရားပန်းလဲကာ ဒေါ်အောင် ဆန်းစုကြည်လွတ်မြောက်ရေးနှင့် ကျန်းမာရေးကောင်းရန် ဆုတောင်းမေတ္တာပို့ကြသည်ဟု သိရကြောင်း လှည်းတန်းမီးရထားခုံးကျော်တံတားအနီးနေ အမျိုးသမီးက ဆိုသည်။

ဓာတ်ပုံ-အစိမ်းရောင်လမ်းဖေ့စ်ဘွတ်ခ်
ပုံစာ-ရန်ကုန်မြို့ရှိ ပန်းတန်းပုံ။(ပုံဟောင်း)