နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဩစတြေးလျ ထပ်မံတောင်းဆို

By MPA

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားထိန်းသိမ်းခံထားရသူများကို လွှတ် ပေးရန် ဩစတြေးလျက ထပ်မံတောင်းဆိုလိုက်သည်။

ယနေ့(ဇွန်၁၉ရက်)ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၈၁နှစ်ပြည့်မွေးနေ့တွင် ထပ်မံတောင်း ဆိုလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျသံရုံးက ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကို ရရှိသင့်ကြောင်းလည်း ဆိုသည်။

ဩစတြေးလျအစိုးရအနေနှင့် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်လျက်ရှိပြီး အကြမ်းဖက် မှုများ ရပ်တန့်ရန်၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ အလုံးစုံပါဝင်သည့် ဆွေးနွေးမှု များ လုပ်ဆောင်ရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ထားသည်။

“သြစတြေးလျဟာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပိုမိုတောက်ပတဲ့အနာဂတ်အတွက်ထားရှိတဲ့ မိတ်ဆွေတို့ရဲ့မျှော်မှန်းချက်တွေကို ဆက်လက်အားပေးပံ့ပိုးနေမှာပါ”ဟု မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးအကြီးအကဲ Angela Corcoran က ၄နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် ဇွန်လ၁၂ရက်တွင် တာဝန်ပြီးဆုံး၍ နှုတ် ဆက်စကားပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ်ထားရှိသော သြစတြေးလျ၏ကတိကဝတ်သည် ခိုင်မာနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ-လူမှုကွန်ရက်