ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းဝေနေစဉ် ထိုင်းအာဏာပိုင်တို့ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရသော မရှိခဏအဖွဲ့မှ ကိုနေရိုင်း အပါအဝင် ၄ ဦးစလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
ယနေ့ (ဇွန် ၁၉ ရက်) နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နှင်းဆီပန်း ၈၁ ပွင့်ကို လမ်းသွားလမ်းလာများအား ပေးဝေနေစဉ် ထိုင်းရဲတပ်ဖွဲ့က ရဲစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။
“ကျနော် ရဲစခန်းကနေ ပြန်လာပါပြီ။ ခေါ်စစ်ဆေးတာပါ။ အမေဇုန် ကော်ဖီလည်း ကျနော့်ကို ဝယ်တိုက်လိုက်တယ်။ ရဲစခန်းတစ်ခုလုံးကိုလည်း အမေ့ရဲ့ မွေးနေ့အမှတ်တရ နှင်းဆီပန်းတွေ ဝေပေးခဲ့တယ်။ အမေစုပုံပါ ကျနော်ဝတ်တဲ့ အကျီမှာ လက်မှတ်တွေလည်း အမှတ်တရ ထိုးခိုင်း လိုက်တယ်။ ဥပဒေစိုးမိုးတဲ့ ထိုင်းနိုင်ငံနဲ့ ဥပဒေတိုင်း စိစစ်မေးမြန်းကြသော ထိုင်းအရာရှိများ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ရဲစခန်းတွင် ခေတ္တခေါ်ယူစစ်ဆေးပြီးနောက် ကိုနေရိုင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ယင်းသို့ ရေးသားထားသည်။
အဆိုပါ ခေါ်ယူစစ်ဆေးခံရမှုကို ဘန်ကောက်အခြေစိုက် AAC မဟာမိတ်အဖွဲ့က ချက်ချင်းလိုက်လံ ကူညီ ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
