ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ မက္ကဆီကိုကတော့ တောင်ကိုရီးယားကိုနိုင်ပြီး ၃၂ သင်းဝင်ခွင့်လက်မှတ် ပိုင်ပိုင်နိုင်နိုင်ရရှိသွားခဲ့ပါပြီ။ အဲဒီလိုပဲ နောက်ထပ်အိမ်ရှင်နိုင်ငံ ကနေဒါလည်း သမိုင်းဝင်ဂိုးပြတ်နိုင်ပွဲနဲ့အတူ ၄ မှတ်ရသွားတာကြောင့် အုပ်စုတက်ဖို့ သေချာသလောက်ဖြစ်သွားပါပြီ။ ဆွစ်ဇာလန်ကလည်း အလားတူဖြစ်ပါတယ်။ မနက်ဖြန်ပွဲတွေမှာလည်း ဒုတိယမြောက်ပွဲမှာပဲ ဘယ်အသင်းတွေ နောက်တစ်ဆင့်တက်မယ့် အခွင့်အရေးကို ဆုပ်ကိုင်သွားနိုင်မလဲ။ အမေရိကန်က ဒီအခွင့်အရေးကို ရနိုင်ခြေအရှိဆုံးဖြစ်ပါတယ်။ အဲဒီလို အိမ်ရှင် အမေရိကန်ပွဲစဉ်နဲ့အတူ အနိုင်မဖြစ်မနေလိုအပ်နေတဲ့ ဘရာဇီးလ်ပွဲစဉ်၊ စကော့တလန်နဲ့ မော်ရိုကိုတို့ရဲ့ပွဲကောင်းတွေ ရှိနေပါတယ်။ ဒီပွဲစဉ်တွေကို အသေးစိတ် ခန့်မှန်းသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။
(၁) အမေရိကန် – ဩစတြေးလျ (ဇွန် ၂၀၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ)
အုပ်စုပထမပွဲစဉ်တွေမှာ ဂိုးပြတ်နိုင်ပွဲကိုယ်စီနဲ့ ၃ မှတ်စီ ရရှိထားတဲ့ အမေရိကန်နဲ့ ဩစတြေးလျတို့ရဲ့ ပွဲစဉ်ဟာ အုပ်စုဗိုလ်နေရာနဲ့ နောက်တစ်ဆင့် တက်ရောက်ခွင့် လက်မှတ်အတွက် အဆုံးအဖြတ်ဖြစ်လာမယ့် ပွဲကြီးပွဲကောင်း ဖြစ်ပါတယ်။ ပူးတွဲအိမ်ရှင်တွေဖြစ်ကြတဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့ နောက်တစ်ဆင့်တက်ခွင့် ရရှိသွားပြီဖြစ်လို့ နောက်ထပ်အိမ်ရှင်ဖြစ်တဲ့ အမေရိကန်အနေနဲ့လည်း ဒီပွဲမှာ အနိုင်ရလဒ်နဲ့အတူ နောက်တစ်ဆင့်တက်ခွင့်ကို အမြန်ဆုံး အတည်ပြုနိုင်ဖို့ ကြိုးပမ်းလာမှာ ဖြစ်ပါတယ်။
ကစားကွက်နဲ့ မဟာဗျူဟာမှာ နည်းပြ မော်ရီစီယို ပိုချက်တီနိုရဲ့ အမေရိကန်အသင်းဟာ အိမ်ကွင်းပရိသတ်အင်အားနဲ့အတူ ပွဲကို အစအဆုံး စိုးမိုးထားဖို့ ကြိုးစားလာမှာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကာ အထိုင်အမြင့် Pressing ကစားကွက်ကို အသုံးပြုလာပါလိမ့်မယ်။
တစ်ဖက်က ဩစတြေးလျအသင်းကတော့ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ပိတ်ကစားပြီး အမေရိကန်ရဲ့ အမှားကို စောင့်ကာ လျှပ်တပြက် တန်ပြန်တိုက်စစ် (Counterattack) တွေနဲ့ ဒုက္ခပေးဖို့ ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ သရေတစ်မှတ်ရရင်တောင် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေတာကြောင့် အလွန်အကျွံ စွန့်စားဖွင့်ကစားတာထက် ကစားကွက်ထိန်းပြီး သတိကြီးကြီးထား ကစားကြမယ့်ပွဲ ဖြစ်ပါတယ်။
အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး လက်ရှိမှာ အကောင်းဆုံး ခြေစွမ်းပြ ဂိုးမြူးနေတာကြောင့် ဩစတြေးလျခံစစ်အတွက် အဓိက သတိထားရမယ့်သူ ဖြစ်ပါတယ်။
အမေရိကန်အသင်းခေါင်းဆောင် ခရစ္စတီယန် ပူလီဆစ်ကတော့ ခြေထောက်ဒဏ်ရာ အနည်းငယ်ရနေတာကြောင့် ပွဲချိန်ပြည့် ကစားနိုင်မလားဆိုတာ စိုးရိမ်စရာရှိနေပါတယ်။ ဒါကြောင့် ကွင်းလယ်ဖန်တီးရှင်တွေဖြစ်တဲ့ ဂျီယို ရေနာ ဒါမှမဟုတ် မာလစ် တီလ်မန်းတို့ တိုက်စစ်ပိုင်းမှာ အဓိက တာဝန်ယူရဖို့ ရှိနေပါတယ်။
သမိုင်းကြောင်းအရ နှစ်သင်းစလုံး ၃ ကြိမ်သာ တွေ့ဆုံဖူးပြီး အမေရိကန်က ၂ ကြိမ်နိုင်၊ ဩစတြေးလျက ၁ ကြိမ် အနိုင်ရထားပါတယ်။ ထူးခြားချက်အနေနဲ့ အဲဒီ ၃ ကြိမ်မှာ ၂ ပွဲက ဂိုးပေါ်ခဲ့ပြီး ၁ ပွဲသာ ဂိုးအောက် ရလဒ် ထွက်ပေါ်ခဲ့ဖူးပါတယ်။
အဓိက အားကစားလောင်းကစားဒိုင်တွေရဲ့ ပေါက်ကြေးအရ အိမ်ရှင် အမေရိကန်က သိသိသာသာ ရေပန်းစားနေပြီး ၂ ဂိုးခွဲအထက်(Over 2.5) ကို ပိုမိုအလေးသာနေတာ တွေ့ရပါတယ်။
အမေရိကန်နိုင်အဖြစ် -165 ကနေ -185 အထိအလေးပေးထားပြီး +310 ကနေ +360 အထိ သရေရလဒ်သတ်မှတ်ထားပါတယ်။ ဩစတြေးလျကတော့ +400 ကနေ +475 သာ အနိုင်ပေးခံထားရပါတယ်။
ခန့်မှန်းချက်အများစုကတော့ အမေရိကန်က ဩစတြေးလျကို ၂ – ၁ ရလဒ်နဲ့ အနိုင်ရရှိသွားမယ်လို့ ဖော်ပြနေကြပါတယ်။ တစ်ဖက်က ဩစတြေးလျရဲ့ စနစ်ကျတဲ့ ခံစစ်က အမေရိကန်ကို အကြပ်ရိုက်စေနိုင်ပေမဲ့ လူမင်းဖီးလ်ဒ်ကွင်းကြီးထဲက အိမ်ရှင်ပရိသတ်တွေရဲ့ သောင်းသောင်းဖျဖျအားပေးမှုနဲ့ အမေရိကန်အသင်းရဲ့ တိုက်စစ်အင်အား တွန်းအားတွေကြောင့် အိမ်ရှင်တို့ ကပ်နိုင်သွားမယ့် ပွဲမျိုးလို့ပဲ ခန့်မှန်းထားချင်ပါတယ်။
(၂) စကော့တလန်နဲ့ မော်ရိုကို(ဇွန် ၂၀၊ မြန်မာစံတော်ချိန် နံနက် ၄ နာရီခွဲ)
ဘောလုံးဝါသနာရှင်တို့ရေ ဒီနေ့ညကစားမယ့် အုပ်စု C ရဲ့ ဒုတိယပွဲစဉ်ကတော့ တကယ့်ကို ရင်ခုန်စရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရာနှုန်းပြည့် သေချာနေပါတယ်။ ကမ္ဘာ့ဖလား ပထမပွဲမှာ ဘရာဇီးလ်လို အသင်းကြီးကို တရစပ်ဖိကစားပြီး ၁-၁ သရေ ၁ မှတ်ခွဲယူထားတဲ့ မတ္တရာခြင်္သေ့ကြီးများ မော်ရိုကိုနဲ့ ပထမပွဲမှာ ဟေတီကို ၁-၀ နဲ့ ကပ်နိုင်ပြီး ၃ မှတ် အိတ်ကပ်ထဲထည့်ထားတဲ့ စကော့တလန်တို့ ဘော်စတွန်ကွင်းကြီးထဲမှာ ထိပ်တိုက်တွေ့ကြတော့မှာပါ။
ဒီနှစ်သင်းရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားတုန်းက တစ်ကြိမ်ပဲ ဆုံဖူးပြီး အဲဒီတုန်းက မော်ရိုကိုက ၃ ဂိုးပြတ်နဲ့ အနိုင်ရထားဖူးပါတယ်။
လက်ရှိခြေစွမ်းအရရော၊ လူစာရင်းအရပါ မော်ရိုကိုက သိသိသာသာ အသာစီးရနေပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ဘရာဟင် ဒီယက်ဇ်နဲ့ PSV ရဲ့ အားထားရတဲ့ တိုက်စစ်မှူး အစ္စမေးလ် ဆိုင်ဘာရီတို့လို ထိပ်တန်းကစားသမားတွေ ပါဝင်နေလို့ တိုက်စစ်ပိုင်းက တော်တော်လေး အလုပ်ဖြစ်နေပါတယ်။
စကော့တလန်ရဲ့ အခြေအနေ နည်းပြ စတိဗ် ကလတ်ခ်အနေနဲ့ ပထမပွဲတုန်းက သုံးခဲ့တဲ့ ၄-၄-၂ ကစားကွက်ကို ဒီပွဲမှာ ဆက်သုံးဖို့ မလွယ်ပါဘူး။ မော်ရိုကိုရဲ့ နည်းစနစ်ပိုင်းအသာစီးရတဲ့ ကွင်းလယ်ကို မယှဉ်နိုင်ဘဲ အားနည်းသွားမှာ စိုးရိမ်တာကြောင့် ပိုပြီးကျစ်လျစ်တဲ့ ကွင်းလယ်လူအင်အားဖြည့် ခံစစ်ပုံစံမျိုးနဲ့ ပြောင်းလဲကစားလာနိုင်ပါတယ်။
မော်ရိုကိုမှာ လက်ရှိ ၁ မှတ်ပဲ ရသေးတဲ့အတွက် ဒီပွဲမှာ အနိုင် ၃ မှတ်ရမှ နောက်တစ်ဆင့်အတွက် စိတ်အေးရမှာပါ။ ဒါကြောင့် ကွင်းလယ်ကို စိုးမိုးပြီး ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားလာဖို့ ရှိပါတယ်။
စကော့တလန်ကတော့ ၃ မှတ် ရထားပြီးသားဖြစ်လို့ ဒီပွဲမှာ သရေရရင်တောင် အနည်းဆုံး အုပ်စုတတိယ (အကောင်းဆုံး ၄ သင်း) နဲ့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ၉၀ ရာခိုင်နှုန်းလောက် သေချာသွားပါပြီ။ ဒါကြောင့် စကော့တလန်တို့ ပွဲကို အနှေးကစားပြီး ခံစစ်ကိုပဲ အဓိက အသားပေးလာပါလိမ့်မယ်။
ကျွမ်းကျင်သူတွေနဲ့ ဝေဖန်ရေးသမား အများစုကတော့ မော်ရိုကိုရဲ့ တိုက်စစ်အရှိန်ကို စကော့တလန်ခံစစ် တောင့်ခံနိုင်ဖို့ ခက်လိမ့်မယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် မော်ရိုကို ၂ – ၁ စကော့တလန် ဒါမှမဟုတ် စကော့တလန်က အရမ်းခံစစ်ပိတ်ကစားရင် ၁ – ၀ ဆိုတဲ့ရလဒ်ကို ပိုင်ဆိုင်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဂိုးစုစုပေါင်းအနေနဲ့လည်း ခံစစ်အသားပေးပွဲ ဖြစ်သွားနိုင်လို့ ၂ ဂိုးနဲ့ အောက်(Under 2.5) ဖြစ်ဖို့ ရေပန်းစားနေပြီး၊ မော်ရိုကိုက ပထမပိုင်းကတည်းက ဦးဆောင်သွားနိုင်ခြေ ရှိပါတယ်။
ဒီတော့ ဘောလုံးဝါသနာရှင်တို့ရေ မော်ရိုကိုကပဲ သမိုင်းကို ထပ်ကျော့ပြီး အနိုင် ၃ မှတ် ယူသွားမလား၊ ဒါမှမဟုတ် စကော့တလန်ကပဲ ခံစစ်ကျောက်ဆောင်ကြီးလို တောင့်ခံပြီး နောက်တစ်ဆင့်အတွက် လက်မှတ်ဖြတ်သွားမလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ကြရမှာဖြစ်ပါတယ်။
(၃) ဘရာဇီးလ်နဲ့ ဟေတီ (ဇွန် ၂၀၊ မြန်မာစံတော်ချိန် နံနက် ၇ နာရီ)
ဘရာဇီးလ်ရဲ့ အရင်ခေတ်ကလို ခြေစွမ်းမျိုးနဲ့ဆို ဟေတီကို လေ့ကျင့်ရေးကွင်းမှာ ကစားသလို သက်သောင့်သက်သာနဲ့ ဂိုးပြတ်နိုင်မယ့် ပွဲမျိုးလို့ အားလုံးက မြင်ကြမှာပါ။ ဒါပေမဲ့ ပထမပွဲမှာ မော်ရိုကိုနဲ့ ၁-၁ သရေကျခဲ့လို့ လက်ရှိ ဘရာဇီးလ်ရဲ့ ခြေစွမ်းက မှန်းရခက်နေပြီး ပရိသတ်တွေကြားမှာ သံသယတွေ ရှိနေပါတယ်။
ဒါပေမဲ့လည်း နောက်တစ်ဆင့်တက်ဖို့နဲ့ ဂိုးကွာခြားချက် အသာရဖို့အတွက် ဒီပွဲမှာ ဘရာဇီးလ်တို့ ဂိုးပြတ်နိုင်ပွဲရအောင် ကစားဖို့ အပြင်းအထန် ဖိအားဝင်နေတာကြောင့် ၃ မှတ်ကတော့ သေချာပေါက် ယူသွားလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက တွက်ချက်ထားကြပါတယ်။ ကျွမ်းကျင်သူတွေကလည်း ဘရာဇီးလ် နိုင်ခြေကို ရာခိုင်နှုန်း ၉၀ နီးပါးအထိ ပေးထားပါတယ်။
နှစ်သင်းရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင်တော့ ကြောက်စရာကောင်းလောက်အောင် ကွာခြားနေတာ တွေ့ရပါလိမ့်မယ်။ သမိုင်းတစ်လျှောက် ၂ ကြိမ် တွေ့ဆုံဖူးရာမှာ ၁၉၅၉ ခုနှစ်က ပန်အမေရိကန် ပြိုင်ပွဲတုန်းက ဘရာဇီးလ်က ၉ ဂိုး – ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က ကိုပါအမေရိက ပြိုင်ပွဲတုန်းကလည်း ဘရာဇီးလ်ကပဲ ၇ ဂိုး – ၁ ဂိုးနဲ့ ဂိုးပြတ် ချေမှုန်းခဲ့ဖူးပါတယ်။
ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီဟာ ဝီနီစီးယပ်စ် ဂျူနီယာ၊ ရာဖင်ညာတို့လို ထိပ်တန်းကြယ်ပွင့်တွေနဲ့ ၄-၃-၃ တိုက်စစ်ကစားကွက်ကို ခင်းကျင်းပြီး ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်နဲ့ ဟေတီကို ဖိအားပေးလာပါလိမ့်မယ်။
ဒီပွဲမှာ စောင့်ကြည့်ရမယ့်သူတွေထဲ အထူးသဖြင့် ဝီနီစီးယပ်စ် ဂျူနီယာရဲ့ လျှပ်တပြက် အမြန်နှုန်းက ဟေတီရဲ့ ညာခြမ်းခံစစ်ကို အဓိက အလုပ်ပေးပြီး ဂိုးတွေ ဖန်တီးပေးသွားနိုင်ခြေ အလွန်မြင့်မားနေပါတယ်။ တစ်ဖက်က ဟေတီရဲ့ အခြေအနေကတော့ ပထမပွဲမှာ စကော့တလန်ကို ၁-၀ နဲ့ ကပ်ရှုံးခဲ့တဲ့ပွဲမှာ ခံစစ်အနိမ့် (Low Block) ပုံစံနဲ့ အသေပိတ်ကစားခဲ့တာတွေ့ရပြီး ဘရာဇီးလ်နဲ့ ပွဲမှာလည်း ဒီပုံစံအတိုင်း ဝီနီစီးယပ်စ်တို့ရဲ့ တိုက်စစ်လှိုင်းတွေကို အတတ်နိုင်ဆုံး တောင့်ခံဖို့ပဲ ပြင်ဆင်လာမှာ ဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်တွေအရ ဘရာဇီးလ်တို့ ဂိုးမိုးရွာမယ့် ပွဲမျိုးဖြစ်လာဖို့ အလေးသာနေပြီး ရလဒ်ကို ၃-၀ ဒါမှမဟုတ် ၄-၀ လောက်အထိ ခန့်မှန်းနေကြပါတယ်။ MPA အနေနဲ့တော့ ဘရာဇီးလ် ၃ – ၀ ဟေတီလို့ ခန့်မှန်းထားချင်ပါတယ်။
ဘရာဇီးလ်တို့ ဂိုးကွာခြားချက်အတွက် ဂိုးတွေအများကြီး သွင်းဖို့ စိတ်အားထက်သန်နေတာကြောင့် ၃ ဂိုးခွဲအထက် (Over 3.5) ပေါ်ဖို့ အလားအလာ အလွန်ကောင်းနေပါတယ်။
ဒီတော့ ဆမ်ဘားတို့ မျှော်လင့်နေတဲ့ ဂိုးပြတ်နိုင်ပွဲနဲ့အတူ ပုံရိပ်ကောင်းကို ပြန်လည် တည်ဆောက်နိုင်မလားဆိုတာ မနက်ဖြန်မနက်မှာ အတူတူ စောင့်ကြည့်လိုက်ကြရအောင်။
(၄) တူရကီနဲ့ ပါရာဂွေး(ဇွန် ၂၀၊ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲ)
ဘောလုံးဝါသနာရှင်တို့ရေ၊ နောက်ထပ် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပွဲစဉ်တစ်ပွဲကတော့ အုပ်စု D က တူရကီနဲ့ ပါရာဂွေးတို့ရဲ့ အားပြိုင်မှုပဲ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ဇွန်လ ၂၀ ရက် မနက် ၉ နာရီခွဲမှာ ကယ်လီဖိုးနီးယားပြည်နယ်က လီဗိုက်စတေဒီယမ် (Levi’s Stadium) မှာ ကစားကြမှာပါ။ နှစ်သင်းစလုံးဟာ အုပ်စုအဖွင့်ပွဲစဉ်တွေမှာ ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ရလို့ ပြိုင်ပွဲကနေ အစောကြီး ထွက်ခွာရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ဒီပွဲကတော့ သရေဆိုတာ နှစ်သင်းစလုံးအတွက် အဓိပ္ပာယ်မရှိဘဲ အနိုင် ၃ မှတ်ရဖို့ သေကြေမတတ် လုကြမယ့်ပွဲ ဖြစ်ပါတယ်။
ဒီနှစ်သင်းရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၁၉၉၅ ခုနှစ်တုန်းက ခြေစမ်းပွဲတစ်ကြိမ်ပဲ ကစားဖူးပြီး အဲဒီတုန်းက ဂိုးမရှိသရေ (၀-၀) ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီနေ့အချိန်ထိ ခြေစွမ်းပိုင်းဆိုင်ရာမှာ သိသာထင်ရှားတဲ့ ပြောင်းလဲတိုးတက်မှုမျိုး မရှိလှတဲ့ နှစ်သင်းလို့ ဆိုနိုင်ပေမဲ့ လက်ရှိ ကမ္ဘာ့ဖလားပွဲစဉ်ရဲ့ အခင်းအကျင်းအရတော့ တူရကီရဲ့ တိုက်စစ်ပိုင်းက ပိုပြီး အားကိုးရမယ့် အနေအထားမှာ ရှိနေပါတယ်။
နှစ်သင်းစလုံးရဲ့ Game Plan ကိုကြည့်မယ်ဆိုရင် တူရကီက ပထမပွဲမှာ ရှုံးခဲ့ပေမဲ့ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် ယူနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့် ၃၀ နီးပါးအထိ တိုက်စစ်အားကောင်းခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်ရဲ့ ပါရမီရှင် ကွင်းလယ်လူ အာဒါ ဂူလာနဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ကီနန် ယီလ်ဒစ်တို့ ဦးဆောင်တဲ့ တိုက်စစ်ဟာ ဒုတိယမြောက် ပွဲစဉ်မှာတော့ အခွင့်အရေးတွေကို ဖြုန်းတီးပစ်မှာ မဟုတ်ဘဲ ဂိုးတွေအဖြစ် ပြောင်းလဲဖို့ အားခဲထားကြပါတယ်။
တစ်ဖက်က ပါရာဂွေးကတော့ ပထမပွဲမှာ အမေရိကန်ကို ၄-၁ နဲ့ ဂိုးပြတ်အရှုံးပေးခဲ့ရပါတယ်။ ၄-၄-၂ ကစားကွက် ကျစ်ကျစ်လျစ်လျစ်နဲ့ ခံစစ်ကို အရင်အထိုင်ချပြီးမှ ဂျူလီယို အန်စီဆိုနဲ့ မီဂေးလ် အယ်လ်မီရွန်တို့ရဲ့ အမြန်နှုန်းကို အသုံးချကာ တန်ပြန်တိုက်စစ်ဆင်ဖို့ ပြင်ဆင်လာပါလိမ့်မယ်။
သရေကျရင် နှစ်သင်းစလုံး အိမ်ပြန်ရဖို့ နီးစပ်သွားမှာဖြစ်လို့ တိုက်စစ်ဖွင့်ကစားမယ့် ပွဲမျိုး ဖြစ်လာနိုင်ပါတယ်။ ဈေးကွက်မှာတော့ တူရကီက နိုင်ဖို့ ရေပန်းစားနေပြီး အနိုင်ရလဒ် ပေါက်ကြေးက (+105) ဝန်းကျင် ရှိနေပါတယ်။
ခန့်မှန်းချက်အများစုအရ တူရကီရဲ့ တိုက်စစ်အင်အားက ပါရာဂွေးခံစစ်ထက် ပိုမိုသာလွန်နေတာကြောင့် တူရကီက ၂-၁ ရလဒ်နဲ့ ကပ်နိုင်သွားပြီး မျှော်လင့်ချက်ကို အသက်ဆက်သွားလိမ့်မယ်လို့ ယူဆကြပါတယ်။ ဂိုးစုစုပေါင်း ဈေးကွက်မှာလည်း အပြန်အလှန် သွင်းကြမယ့် အနေအထားမို့ ၂ ဂိုးခွဲအထက် (Over 2.5) ပေါ်ဖို့ အလားအလာ အလွန်ကောင်းနေပါတယ်။
တူရကီရဲ့ တိုက်စစ်ကြယ်ပွင့်တွေ ခြေစွမ်းပြပြီး ၃ မှတ် ယူသွားမလား၊ ဒါမှမဟုတ် ပါရာဂွေးတို့ပဲ တန်ပြန်တိုက်စစ်နဲ့ တူရကီကို ဒုက္ခပေးသွားမလားဆိုတာ မနက်ဖြန်မနက်မှာ ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ရအောင်။
