မြောက်ဥက္ကလာဖြစ်စဉ်အပြီး လူနာတင်ယာဉ်နှင့် ဆေးရုံတွင်းပြင်ဆင်ထားမှုနှင့်ပတ်သက်၍ ရန်ကုန်ဆေးရုံကြီးက ရှင်းချက်များ ထုတ်လာ

ဓာတ်ပုံ - ရန်ကုန်ပြည်သူ့ဆေးရုံကြီးလူမှုကွန်ရက်စာမျက်နှာ

မြောက်ဥက္ကလာပဆေးရုံဖြစ်စဉ်အပြီး ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက ပိုမိုဆိုးရွားကြောင်း ပရဟိတအသင်းများက ဖွင့်ချလာကြပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးက မသမာလူနာတင်ယာဉ်များနှင့် ပရဟိတ Taxi များကို ကြီးကြပ်အရေးယူမည့် အစီအမံများကို ဇွန်လ ၅ ရက် ညပိုင်းတွင် တရားဝင်ထုတ်ပြန်လာသည်။

ဇွန်လ ၁ ရက်နေ့က သက်ဆိုင်ရာဌာနများနှင့် ပရဟိတအဖွဲ့ပေါင်း ၅၅ ဦးခန့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး၊ ဆေးရုံကြီးမှတစ်ဆင့် ရုပ်အလောင်းနှင့် လူနာများကို အခမဲ့ (သို့မဟုတ်) သင့်တင့်သောဈေးနှုန်းဖြင့် ကူညီပို့ဆောင်ပေးမည့် စစ်မှန်သော ပရဟိတအသင်းအမည်နှင့် ဖုန်းနံပါတ်များကို ဆေးရုံအတွင်း ဗွီနိုင်းများဖြင့် ကပ်ထားရန် စီစဉ်ခဲ့ကြောင်း ဆိုသည်။

ဇွန်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းနှင့် စည်ပင်ပူးပေါင်းအဖွဲ့ဖြင့် ဆေးရုံကြီးဝင်ပေါက်ရှေ့၌ ပြင်ပလူနာတင်ယာဉ်များ အကြောင်းမဲ့ ရပ်နားထားမှု မရှိစေရေးနှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေရှည်ကြီးကြပ်ရန် ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

လာမည့် ဇွန်လ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် (၂) ထပ် ရင်ခွဲရုံသစ်တွင် မိဘပြည်သူများ သိရှိနိုင်ရန် ကူညီမည့် ပရဟိတအဖွဲ့ ဆိုင်းဘုတ်များ တပ်ဆင်ထားမည်ဖြစ်ပြီး၊ မတရားငွေတောင်းခံပါက ချက်ချင်းတိုင်ကြားနိုင်မည့် ဗွီနိုင်းများကိုလည်း ကပ်ထားမည်ဖြစ်ကြောင်း ဆိုသည်။

ပြည်သူများ ယုံကြည်စိတ်ချရမှု ရှိစေရန်အတွက် ရင်ခွဲရုံဝန်ထမ်းများကို အမည်နှင့် ရာထူးတံဆိပ်များ မဖြစ်မနေ တပ်ဆင်ထားစေမည့်အပြင်၊ မသမာမှုများနှင့် ပတ်သက်ဆက်နွှယ်သည်ဟု ယူဆရသော ရင်ခွဲရုံဝန်ထမ်း ၄ ဦးကိုလည်း လက်ရှိတွင် ဌာနပြောင်းရွှေ့ အရေးယူထားပြီးဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က မြောက်ဥက္ကလာပ ဆေးရုံကြီးက ရင်ခွဲရုံဝန်ထမ်းများ၏ ပလုံကောက်သူ ရုပ်အလောင်းကို မိသားစုဝင်များကို မထုတ်ပေးဘဲ အမျိုးမျိုးငွေညှစ်ရစ်ခဲ့သည့်ဖြစ်စဉ်သည် လူမှုကွန်ရက်ပေါ် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည်။

ထိုဖြစ်စဉ်ပြီးနောက် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဝန်ထမ်းများက ပိုမိုဆိုးရွားကြောင်း ရောင်စင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းထိုက်အောင်က ၎င်း၏ လူမှုကွန်ရက်ကတစ်ဆင့် ဖွင့်ချခဲ့သည်။

၎င်းမျှဝေမှုအောက်တွင် ထောက်ခံရေးသားပြောဆိုသူ နာရေးရှင် ပြည်သူအချို့ကိုလည်း တွေ့ခဲ့ရသည်။

ထို့နောက် မြောက်ဥက္ကလာပဆေးရုံးကြီးက တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ငွေညှစ်သူ ရင်ခွဲရုံဝန်ထမ်းများကို အရေးယူမည်ဟုဆိုသကဲ့သို့ ငွေကြေးအဆမတန်တောင်းရမ်းနေသည့် လူနာတင်ယာဉ်များကိုလည်း ပူးပေါင်းနှိမ်နင်းမည်ဟု ဆွေးနွေးခဲ့ကြသည်။