By MPA
အိန္ဒိယအစိုးရက အာဏာသိမ်းစစ်အုပ်စုကို တရားဝင်အသိအမှတ်ပြု ဆက်ဆံနေခြင်းအပေါ် ပြင်း ထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကိုရီးယားရောက်မြန်မာတော်လှန်ပြည်သူများက ထုတ်ပြန် လိုက်သည်။
ယနေ့ ( ဇွန်လ ၁၀ ရက်)တွင် တောင်ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများနှင့် တော်လှန်ပြည်သူများ ပူးပေါင်း၍ အိန္ဒိယအစိုးရ၏ မြန်မာစစ်ကောင်စီအပေါ် အသိအမှတ်ပြု ဆက်ဆံနေခြင်းနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်းအပေါ် ပြင်းထန် စွာ ကန့်ကွက်ရှုတ်ချကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဆိုးလ်မြို့ရှိ အိန္ဒိယသံရုံရှေ့၌ ကျင်း ပခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သော သဘောထားကြေညာချက်ကို အိန္ဒိယသံရုံးသို့ ပေးပို့ခဲ့ကြောင်း မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC အတွင်းရေးမှူး ဦးကျော်ဆန်းက ပြောသည်။
ယင်းထုတ်ပြန်ချက်တွင် အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်ကောင်စီထံသို့ စစ်လက်နက်ပစ္စည်းများ၊ စစ်ဘက်နည်းပညာများ၊ ရေတပ်သုံးဒီဇယ်နှင့် လေယာဉ်ဆီ (Jet Fuel) များ လွှဲပြောင်းထောက်ပံ့ နေမှုကို ချက်ချင်းရပ်ဆိုင်းရန်နှင့် စစ်ဘက်ဆိုင်ရာ သင်တန်းများပေးအပ်နေမှုအား လုံးဝ ရပ်တန့်ရန်။ မြန်မာပြည်သူများက ငြင်းပယ်ထားသော စစ်အုပ်စုနှင့် နိုင်ငံတော်အဆင့် ထိတွေ့ဆက်ဆံမှုများကို ရပ်ဆိုင်းပြီး မြန်မာပြည်သူလူထု၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီအင်အားစုများ နှင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်။ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် စစ်အုပ်စုထံ ဝင်ငွေများ စီးဆင်းနေမှုကို ချက်ချင်းရပ်ဆိုင်းရန်။အိန္ဒိယနိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ထားသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် မြန်မာပြည်သူများ အပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်မှုမရှိစေရန် တာဝန်ယူမှုရှိစွာဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်သုံးသပ်၍ လိုအပ်သည့် ဖိအားပေးဆောင်ရွက်မှုများ ပြုလုပ်ရန်။အိန္ဒိ ယအစိုးရအနေဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ မိမိ၏ ကတိကဝတ် များနှင့်အညီ မြန်မာစစ်အုပ်စုအား အထောက်အကူပြုနေသည့် မူဝါဒများကို ပြန်လည်သုံးသပ်ပြီးချက် ချင်းအဆုံးသတ်ရန် အိန္ဒိယအစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ လေးနက်စွာတောင်းဆိုကြောင်း ဖော်ပြထားသည်။
အိန္ဒိယအစိုးရအနေဖြင့် မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒများကို လျစ်လျူရှုကာ တရားမဝင် စစ်အုပ်စုနှင့် ဆက်လက်ပူးပေါင်းနေမည်ဆိုပါက နှစ်နိုင်ငံပြည်သူများအကြား ယုံကြည်မှု ထိခိုက်စေမည့်အပြင် ရေရှည်နယ်စပ်တည်ငြိမ်ရေးနှင့် ဒေသတွင်းအကျိုးစီးပွားများအပေါ်လည်း အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သတိပေးထား သည်။
မေလ၃၀ရက်တွင် သမ္မတုမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။
