မြန်မာနိုင်ငံသည် မျိုးဆက်တစ်ဆက်လုံး ဆုံးရှုံးရမည့် ကြီးလေးသော အန္တရာယ်နှင့် ရင်ဆိုင်နေ ရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂရင်ပြင်တွင် ထပ်မံ သတိပေးလိုက်သည်။
ဇွန်လ၁၀ရက်ကကျင်းပသော ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အုပ်ချုပ်ရေးမှူးနှင့် အပြန်အ လှန်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်ဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သလို အနာဂတ်မျိုး ဆက်များအပေါ် ရင်းနှီးမြှုပ်နှံပြီး ၎င်းတို့၏ အလားအလာ စွမ်းရည်များကို အပြည့်အဝ ဖော်ထုတ်ပေး ခြင်းမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်းလည်း ဆိုသည်။
ဖွံ့ဖြိုးတိုးတက်မှုသည် လုံခြုံရေး၊ တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုစည်းလုံးညီညွတ် မှုနှင့် ယုံကြည်မှုတို့နှင့် ခွဲခြား၍မရဆိုသည့် UNDPအကြီးအကဲ၏ ပြောကြားချက်ကို ထပ်ဆင့်အလေး ပေး ပြောကြားလိုကြောင်းနှင့် ဖျက်ဆီး အကြမ်းဖက်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စုသည် မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရန် စစ်မှန်သော အခန်းကဏ္ဍလည်း မရှိ သလို ဆန္ဒလည်း မရှိကြောင်း သံအမတ်ကြီးက ပြောသည်။
“ကျနော်တို့ လူငယ်မျိုးဆက်တစ်ဆက်လုံးတင်မကဘူး။တစ်တိုင်းပြည်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှန်သ မျှ အခု ဆုံးရှုံးနေရုံတင်မကဘူး။မင်းအောင်လှိုင်က သူ့အာဏာသက်ဆိုးရှည်ဖို့ တစ်တိုင်းပြည်လုံးကို ပုံရောင်းနေပါပြီ”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ထို့ကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် မည်သူ့ကိုမျှ ချန်လှပ်ထား၍မရသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူတို့၏ ကြိုးပမ်း ဆောင်ရွက်မှုများ ကို ပံ့ပိုးကူညီကြပါရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းကြောင်းလည်း ဆိုသည်။
ဧပြီ၂၃ရက်က ကျင်းပသော ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်တွင်လည်း မြန်မာနိုင်ငံသည် မျိုးဆက်တစ်ခုလုံးကို ဆုံးရှုံးသွားနိုင်သည့် အလွန်စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားခဲ့ဖူးသည်။
