စင်ကာပူအစိုးရအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်များနှင့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ စီးဆင်းရောက်ရှိနေမှုကို တားဆီးမည်ဟု လူသိရှင်ကြား ပြောကြားထားသည့် ကတိကဝတ်ကို တည်ဆောက်ရန်နှင့် ယခုထက်ပိုမို၍ ထိရောက်စွာ ပိတ်ဆို့ဟန့်တားရန် Justice For Myanmar က ယနေ့ ဇွန်လ ၁၁ ရက်ညပိုင်းထုတ်ပြန်ချက်ကတစ်ဆင့် တိုက်တွန်းတောင်းဆိုလိုက်သည်။
မြန်မာစစ်တပ်ထံသို့ စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် နည်းပညာများ ပံ့ပိုးပေးနေသည့် စင်ကာပူကုမ္ပဏီ ၃၃ ခုကို Justice For Myanmar (JFM) က ၂၀၂၂ ခုနှစ်အတွင်း လူသိရှင်ကြား စုံစမ်းဖော်ထုတ်ခဲ့သည်။
လက်ရှိတွင် စင်ကာပူကုမ္ပဏီမှတ်ပုံတင်ဌာန၏ အချက်အလက်များအရ ထိုကုမ္ပဏီများ၏ ၆၁ ရာခိုင်နှုန်းမှာ လုပ်ငန်းလည်ပတ်ခြင်း မရှိတော့သော်လည်း မြန်မာစစ်တပ်၏ နာမည်ဆိုးဖြင့် ကျော်ကြားသော လက်နက်ပွဲစားကွန်ရက်အချို့မှာ ယနေ့တိုင် စင်ကာပူတွင် ကုမ္ပဏီများ ဆက်လက်မှတ်ပုံတင်ထားဆဲ ဖြစ်ကြောင်း သိရသည်။
ယနေ့တိုင် စင်ကာပူတွင် မှတ်ပုံတင်ထားဆဲဖြစ်သည့် စစ်တပ်၏ လက်နက်ပွဲစားကွန်ရက်များထဲတွင် မြန်မာစစ်တပ်အတွက် ဘီလာရုစ်နိုင်ငံမှ စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရာ၌ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့သည့်အပြင် စစ်အုပ်စု၏ လက်နက်ဝယ်ယူမှု ငွေပေးချေမှုများကိုပါ ကူညီဆောင်ရွက်ပေးခဲ့သည့် Dynasty ကုမ္ပဏီအုပ်စု၏ လက်အောက်ခံကုမ္ပဏီတစ်ခု ပါဝင်နေသည်ကို JFM က တွေ့ရှိခဲ့ကြောင်း ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မြန်မာ့လေတပ်အတွက် Mi-2 နှင့် Mi-17 ရဟတ်ယာဉ် အစိတ်အပိုင်းများ၊ ကြည်းတပ်အတွက် BTR-3U သံချပ်ကာ တပ်ဖွဲ့ဝင်သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် ရေတပ်အတွက် မောင်းနှင်တွန်းအားပေးစနစ်များနှင့် သင်္ဘောအစိတ်အပိုင်းများကို ထောက်ပံ့ပေးခဲ့သည့် Myanmar Chemical & Machinery (MCM) Group ၏ စင်ကာပူအခြေစိုက် လက်အောက်ခံကုမ္ပဏီ MCM Pacific Pte. Ltd. လည်း ပါဝင်နေသည်ဟု ဆိုသည်။
အလားတူ စစ်တပ်အတွက် Thales Coast Watcher 100 ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါစနစ်များ ဝယ်ယူရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် KT နှင့် Ky-Tha Group ၏ စင်ကာပူအခြေစိုက် လက်အောက်ခံကုမ္ပဏီ Ky-Tha Trading Pte. Ltd. သည်လည်း စင်ကာပူတွင် ရှိနေဆဲဖြစ်သည်ဟု JFM က ဆိုသည်။
လာမည့် ၂၀၂၇ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌရာထူးကို တာဝန်ယူမည့် စင်ကာပူနိုင်ငံအနေဖြင့် မြန်မာပြည်သူများအပေါ် စစ်အုပ်စုက ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ရပ်တန့်နိုင်ရန်အတွက် ပိုမိုထိရောက်သော ကြိုးပမ်းအားထုတ်မှုများနှင့် ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းထားသေးသည်။
ထို့ကြောင့် စင်ကာပူအစိုးရအနေဖြင့် စစ်အုပ်စု၏ စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများနှင့် လေယာဉ်ဆီ ရရှိနေမှုများကို ပြတ်ပြတ်သားသား ဟန့်တားပိတ်ဆို့ပေးရန် Justice For Myanmar က အလေးအနက် တောင်းဆိုထားသည်။
