လောင်းကစားပိတ်ပင်ရေးအဆိုကို တင်သွင်း ထောက်ခံသော အမတ်များအား မွန်လုံနယ်ဝန်ကြီး အောက်လမ်းနည်းသုံး တိုက်ခိုက်ခြိမ်းခြောက်

By MPA

လောင်းကစားဝိုင်းများ ပိတ်ပင်တားဆီးရေးအဆိုကို တင်သွင်း ထောက်ခံသော အမတ်များအား လောင်းကစား ဝိုင်းများဖြင့် စီးပွားဖြစ်နေသည့် မွန်ပြည်နယ်အစိုးရတုအဖွဲ့ဝင် လုံနယ်ဝန်ကြီးက အောက်လမ်းနည်း သုံးကာ စတင်တိုက်ခိုက်ခြိမ်းခြောက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရတု၏ ဝါဒဖြန့်မီဒီယာ Yarmanya Times က မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြု ထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်းကစားဝိုင်းများ တားဆီးပိတ်ပင်ပေး ရေးအဆိုကို ဇွန်လ ၁၉ ရက်၌ မွန်ပြည်နယ်လွှတ်တော်က အ တည်ပြုလိုက်သော်လည်း ကျိုက်မ ရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှာ လောင်းကစားဝိုင်းမှ လိုင်းကြေးယူထား သည်ဟု ခိုင်လုံသော အချက်အလက်များမပါဘဲ စွပ်စွဲရေးသားက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဆိုတင်တဲ့ ကိုသန့်ဇော်က ကျိုက်မရောအမတ်၊အဆိုကိုထောက်ခံဆွေးနွေးတဲ့ ကိုအောင်ထွဋ်ဆို တာကလည်း ကျိုက်မရော ကြံ့ခိုင်ရေးအမတ်ပဲ။ပြီးတော့ ထောက်ခံဆွေးနွေးတဲ့ ပြည်သူ့ပါတီက ကို အောင်ကိုဝင်းသန်းက ချောင်းဆုံPR အမတ်ဆိုပေမဲ့ ကျိုက်မရောမြို့ခံဆိုတော့ အခုရာမညတိုင်းမ်က သူတို့၃ယောက်စလုံးကို လိုင်းကြေးယူထားတယ်လို့ စွပ်စွဲတိုက်ခိုက်လိုက်တာပဲ။လိုင်းကြေးယူတယ် လို့ ဘယ်သူကပြောသလဲဆိုတော့ ဒေသခံတစ်ဦးပြောတယ်လို့ ရေးထားတယ်။ဘာမှ အချက်အလက် မခိုင်လုံဘဲ အောက်လမ်းနည်းသုံးပြီး ပြန်တိုက်ခိုက်တာ”ဟု ဒေသတွင်း ပါတီများနှင့် နီးစပ်သည့် မော် လမြိုင်မြို့ခံတစ်ဦးက MPAသို့ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများကို ယခင် တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ် အောင် ကြည်သိန်းနှင့်လုံနယ်ဝန်ကြီး(လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)ဗိုလ်မှူးကြီးကျော်စွာမြင့်တို့က လိုင်းကြေးယူ၍ ခွင့်ပြုထားခြင်းကို ဒေသခံတိုင်း သိရှိကြကြောင်း ယင်းလောင်းကစားဝိုင်းများမှ နေ့ စဉ် ကျပ်သိန်းထောင်ချီရရှိနေသဖြင့် ယခုလွှတ်တော်၌ လောင်းကစားဝိုင်းများဖျက်သိမ်းရန်အဆို အောင်မြင်သွားသောကြောင့် အောင်ကြည်သိန်း(ယခုပြည်နယ်လွှတ်တော်အမတ်)နှင့် လက်ရှိ လုံ နယ်ဝန်ကြီးတို့က ဒေါသူပုန်ထကာ ၎င်းတို့၏ မီဒီယာမှနေ၍ မဟုတ်မမှန် လိမ်လည်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“အခု အစိုးရတက်လာတဲ့အချိန် အောင်ကြည်သိန်း ဝန်ကြီးချုပ်ကနေ ပြုတ်သွားတော့ အရင်ကလည်း လုံနယ်ဝန်ကြီး၊အခုလည်း လုံနယ်ဝန်ကြီးဆက်ဖြစ်နေတဲ့ ဗိုလ်မှူးကြီးကျော်စွာမြင့်က လောင်းကစား ဝိုင်းတွေကို ဆက်ပြီး တာဝန်ခံပြီး လုပ်တာ ကျနော်တို့ မော်လမြိုင်က အမတ်တွေ၊ပါတီလူကြီးတွေနဲ့ ဌာနဆိုင်ရာကလူတွေ အကုန်သိတယ်။အဲဒါကို ကျိုက်မရောအမတ်တွေက လောင်းကစားဝိုင်းမှာ လိုင်းကြေးယူထားခဲ့ရင် လွှတ်တော်မှာ အဆိုတင်ရဲမလား၊ ရှင်းရှင်းလေးပဲ”ဟု ၎င်းက ဆက်လက် ပြောသည်။

ပြီးခဲ့သည့် မေလအတွင်း လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့် လောင်းကစား ဝိုင်းများထံ ငွေတောင်းရမ်းခဲ့သည့် မွန်ညီညွတ်ရေးပါတီမှ ပေါင်လွှတ်တော်အမတ်များ မှာ လောင်းက စားပပျောက်ရေးအဆိုနှင့် ပတ်သက်၍ ဝင်ရောက်ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ၎င်းကပြောသည်။

ကျိုက်မရောပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ လောင်းကစားဝိုင်းမှ လိုင်းကြေးယူထား သည်ဆိုသော သတင်းကို Yarmanya Times က ဇွန်လ၁၉ရက်ညတွင် ဖော်ပြခဲ့ပြီး ယင်းသတင်း အောက်၌ comments များရေးကာ ကျိုက်မရောအမတ်သန့်ဇော်ကို တိုက်ခိုက်ကြသူများမှာ နယ်လုံဝန်ကြီး၏ လုပ်ဖော်ကိုင်ဘက် လောင်းကစားအုပ်စုဝင်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဆိုတင်တဲ့ ကိုသန့်ဇော်ရဲ့ ရာဇဝင်မကောင်းခဲ့တာလည်း အမှန်ပဲ။မော်လမြိုင်သားတိုင်းလည်း သိ တယ်။မီဒီယာတွေမှာလည်း ဖော်ပြတာ ရှိတယ်။ဒါပေမဲ့၊ကိုသန့်ဇော် မကောင်းတာက သူ့ပုဂ္ဂိုလ်ရေး တစ်ဦးတည်းအနေနဲ့ ဖြစ်တာ။အများပြည်သူကို ဒုက္ခဖြစ်စေတာမျိုး မရှိခဲ့ဘူး။မွန်ဝန်ကြီးချုပ်ဟောင်း နဲ့ လုံနယ်ဝန်ကြီးတွေ လုပ်တဲ့ လောင်းကစားဝိုင်းက မွန်ပြည်နယ်သားတွေကိုလည်း ဒုက္ခပေးတယ်။ မွန်ပြည်နယ်လည်း နာမည်ပျက်တယ်။မော်လမြိုင်ကို လောင်းကစားမြို့တော်လို့ သမုတ်ခံရတာ ဘယ်လောက်ရှက်ဖို့ကောင်းလဲ။ဒါ့ကြောင့် ကိုသန့်ဇော်က လောင်းကစားပပျောက်ရေးအဆိုတင်တာ ကျနော်တို့ ဒေသခံတွေ ထောက်ခံကြတယ်။သူ့ဘက်ကနေ ရပ်တည်တာ မွန်ပြည်နယ်အတွက် အ ရမ်းလိုအပ်နေတဲ့ အဆိုတင်လို့”ဟု ၎င်းက ပြောသည်။

လောင်းကစားဝိုင်းများကြောင့် အကြီးအကျယ်စီးပွားဖြစ်နေသဖြင့် လောင်းကစားဝိုင်းများ ပျက်သွား မည်ကို လုံနယ်ဝန်ကြီး ကျော်စွာမြင့်က အရမ်းစိုးရိမ်နေကြောင်း မွန်ပြည်နယ်ကြံ့ဖွံ့လူကြီးများနှင့် နီး စပ်သည့် ကြံ့ဖွံ့ပါတီဝင်တစ်ဦးကလည်း ဆိုသည်။

“ဗိုလ်မှူးကြီးကျော်စွာမြင့်က လွှတ်တော်ထဲမှာ လောင်းကစားကိစ္စဆွေးနွေးတဲ့အချိန်မှာ ဝန်ကြီးချုပ် အသစ်တောင် တက်ပေမဲ့ သူက လုံးဝ မလာဘူး။တော်တော်ဒေါသထွက်နေတယ်လို့ သိရတယ်။ အခု Yarmanya Times က ဒီသတင်းတင်လိုက်တာက လောင်းကစားအဆိုတင်တဲ့ အမတ်ရော ဝင်ဆွေး နွေးတဲ့သူတွေကိုရော လုံနယ်ဝန်ကြီးက ပေါ်တင်ခြိမ်းခြောက်လိုက်တာပဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလက်ထက် အောင်ကြည်သိန်းဝန်ကြီးချုပ်ဖြစ်ပြီး မကြာမီ Yarmanya Times သည် မွန် ပြည်နယ်အစိုးရတု၏ ဝါဒဖြန့်ချိရေးမီဒီယာအဖြစ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

“Yarmanya Times က မွန်ပြည်နယ်အစိုးရမီဒီယာဆိုတာ မှန်တယ်။တိတိကျကျပြောရရင် လုံနယ် မီဒီယာ။ Yarmanya Times ကို လုံနယ်အောက်ကလူတွေက အဓိကတာဝန်ယူထားတာ။ မွန်ပြည် နယ် အစိုးရတက်တဲ့ အခမ်းအနားတွေနဲ့ ခရီးစဉ်လမ်းကြောင်းတွေမှာ Yarmanya Times က သ တင်းယူ ပေးရတယ်”ဟု မွန်ပြည်နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အစိုးရတုအဖွဲ့ လမ်းကြောင်းယာဉ်တန်းတွင် လုံနယ်ဝန်ကြီး၏ ခါးပိုက်ဆောင်တပ်( ပြည်သူ့စစ်)နှင့်အတူ Yarmanya Times သတင်းထောက်များကို အမြဲမပြတ် တွေ့ရကြောင်း ၎င်းက ဆိုသည်။

တရားမဝင် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးသတင်းများကို Yarmanya Timesတွင် ဖော်ပြ သော်လည်း လောင်းကစားဝိုင်းများ ပိတ်ပင်တားဆီးရေးအဆို နှင့်ပတ်သက်သည့် သတင်းများကို လုံး ဝဖော်ပြခြင်းမရှိပေ။

ဓာတ်ပုံ- Yarmanya Times ၊ ဒေသတွင်းမီဒီယာ
ပုံစာ- လုံနယ်ဝန်ကြီး၊ အောင်ကြည်သိန်းနှင့် သန့်ဇော်။