မကြာသေးမီက အင်ဒိုနီးရှားအခြေစိုက် The Jakarta Post သတင်းစာတွင် ဂျကာတာမြို့ရှိ စစ်ကောင်စီသံရုံး၏ သံရုံးအကြီးအကဲဖြစ်သူ မန်ဟော်ထန်းက “အယ်ဒီတာထံပေးစာ” တစ်စောင် ပေးပို့ခဲ့သည်။
ယင်းစာတွင် ၎င်းက ဒေသတွင်းထိပ်တန်းသတင်းစာကြီး၏ ဝေဖန်ဆန်းစစ်ချက်များကို ရှုံ့ချထားပြီး၊ မြန်မာနိုင်ငံ၌ “ရွေးကောက်ပွဲဖြင့် တက်လာသော အရပ်သားအစိုးရသစ်” က ဒီမိုကရေစီနှင့် ဖက်ဒ ရယ်စနစ်ကို စနစ်တကျ ကူးပြောင်းနေပြီဖြစ်ကြောင်း နိုင်ငံတကာကို မျက်လှည့်ပြရန် ကြိုးပမ်း ထား သည်။
အာဏာသိမ်းပြီးကတည်းက သတင်းလွတ်လပ်ခွင့်ကို နင်းခြေဖျက်ဆီးကာ သတင်းသမားများကို ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လက်အောက်ခံ သံတမန်တစ်ဦးက “မီဒီယာနှင့် နိုင်ငံ တော် Complementary (အပြန်အလှန်ဖြည့်ဆည်းမှု) ဖြစ်ရမည်” ဟု ဒဿန ရွတ်ပြလာခြင်းမှာ မြေပြင်အခြေအနေနှင့် လုံးဝကင်းကွာနေသော ပြက်လုံးတစ်ခုသာ ဖြစ်သည်။
‘အရပ်သားအစိုးရသစ်’ ဆိုသော မှိုင်းလုံးနှင့် ရွေးကောက်ပွဲအတု
အဆိုပါစာ၌ အဓိက အံ့ဩဖွယ်ရာအချက်မှာ စစ်ကောင်စီက ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက်ခြယ် လှယ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတုကို အခြေပြု၍ “လူထုမဲဆန္ဒဖြင့် တက်လာသည့် အရပ် သားအစိုးရသစ်” အဖြစ် ဗြောင်ကျကျ သုံးနှုန်းဝါဒဖြန့်ခြင်း ဖြစ်သည်။
စစ်တပ်က ကျင်းပသည့် ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီအများအပြားကို ဖျက်သိမ်းထားပြီး အတိုက်အခံနှင့် တော်လှန်ရေးအင်အားစုများကို ထောင်သွင်းအကျဉ်းချ သတ်ဖြတ်နေသည့် ကြားမှ လုပ်ဆောင်နေသော ‘အတုအယောင်ပြပွဲ’ မျှသာ ဖြစ်သည်။
ဒေသတွင်းနှင့် နိုင်ငံတကာကလည်း ဤရွေးကောက်ပွဲသည် တရားဝင်မှုမရှိကြောင်း ရှင်းရှင်းလင်း လင်း ရှုမြင်ထားသည်။
ပေးစာတွင် “ပြည်သူ့အတွက်၊ ပြည်သူ့အပေါ်၊ ပြည်သူကပဲ ဆောင်ရွက်သော” ဒီမိုကရေစီစံနှုန်းဟု အမေရိကန်သမ္မတ အေဘရာဟမ် လင်ကွန်း၏ ကမ္ဘာကျော်စကားကို ကိုးကားကာ သိုးရေခြုံရန် ကြိုးပမ်းခဲ့သည်။
နိုင်ငံတကာ မီဒီယာများကို ‘လမ်းလွဲသူများ’ ဟု စွပ်စွဲခြင်း
The Jakarta Post က ဖော်ပြခဲ့သည့် “စစ်ကောင်စီသည် အာဆီယံတွင် အပယ်ခံဖြစ်နေ၍ ငြီးငြူနေသည်” ဟူသော သတင်းဆောင်းပါးကို စစ်ကောင်စီသံရုံးက “အခြေအမြစ်မရှိ၊ စိတ်ကူးယဉ် ကောက်ချက်ချမှုများ” ဟု တုံ့ပြန်ခဲ့သည်။
၎င်းတို့အလိုအရ နိုင်ငံတကာမီဒီယာများသည် သတင်းမှား (Disinformation) များကိုသာ အခြေခံနေပြီး မြန်မာစစ်တပ်၏ ရင်းနှီးပေးဆပ်မှုများကို မျက်ကွယ်ပြုနေကြသည်ဟု ဆိုသည်။
သို့သော် စစ်မှန်သော ကမ္ဘာ့မီဒီယာများသည် နေပြည်တော်ရှိ ဝါဒဖြန့်ရုံးခန်းများမှ ထွက်လာသည့် သတင်းထုတ်ပြန်ချက်များကို ကြည့်၍ သတင်းရေးကြခြင်းမဟုတ်ဘဲ နေ့စဉ်နှင့်အမျှ စစ်ကောင်စီက ပြည်သူလူထုအပေါ် လေကြောင်းမှ ဗုံးကြဲခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းနှင့် စီးပွားရေးပျက်အောင် လုပ်ဆောင်နေသည့် မြေပြင်သက်သေများကို ကြည့်၍ အစီရင်ခံနေခြင်း ဖြစ်သည်။
စစ်ကောင်စီသံတမန်က မီဒီယာများကို အပြုသဘောဆောင်ရန် တိုက်တွန်းရာတွင် “မှောင်မိုက်ခြင်းကို ကျိန်ဆဲနေမည့်အစား ဖယောင်းတိုင်တစ်တိုင် ထွန်းညှိခြင်းက ပိုမြတ်သည်” ဟု ဖော်ပြခဲ့သည်။
ဤနေရာတွင် စစ်ကောင်စီဘက်က မေ့လျော့နေသည်မှာ သို့မဟုတ် တမင်လိမ်ညာနေသည်မှာ မြန်မာနိုင်ငံကို ကမ္ဘာ့အမှောင်ဆုံး အမှောင်ထုထဲသို့ တွန်းပို့ခဲ့သူမှာ မည်သူနည်း ဟူသည့် မေးခွန်း ဖြစ်သည်။
လွတ်လပ်သော သတင်းထောက်များကို ထောင်ချခြင်း၊ သတင်းဌာနများကို ပိတ်သိမ်းခြင်းဖြင့် သတင်းအမှောင်ချခဲ့သူမှာ စစ်တပ်ဖြစ်သည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးပြီး တိုင်းပြည်ကို ဘက်စုံ ပျက်စီးစေခဲ့ကာ ‘အမှောင်ထု’ ကို ဖန်တီးခဲ့သူများက ယခုအခါ မီဒီယာများကို “အမှောင်ကို မကျိန်ဆဲပါနှင့်” ဟု တရားလာချနေခြင်းမှာ အလွန်ပင် ရယ်ဖွယ်ကောင်းလှသည်။
စစ်ကောင်စီ၏ ဂျကာတာသံရုံးမှ ပေးပို့သော ဤစာသည် အနှစ်သာရအားဖြင့် နိုင်ငံတကာမျက်နှာစာတွင် ၎င်းတို့ ရင်ဆိုင်နေရသော အထီးကျန်မှုနှင့် တရားဝင်မှု ကင်းမဲ့နေမှုကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် ဝါဒဖြန့်စာသာ ဖြစ်သည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်သို့ သွားရာလမ်းတွင် “ခြေလှမ်းမှားမည်စိုး၍ တစ်လှမ်းချင်း သွားနေရသည်” ဟု ဆင်ခြေပေးခြင်းသည် အာဏာကို ဆက်လက်စွဲကိုင်ထားရန် အချိန်ဆွဲသည့် နည်းဗျူဟာဟောင်းသက်သက်သာ ဖြစ်သည်။
လွတ်လပ်သော မီဒီယာများအနေဖြင့် စစ်ကောင်စီ၏ ယင်းသို့သော ‘မှိုင်းလုံး’ များနှင့် ‘စကားလုံးအလှအပ’ များနောက်သို့ လိုက်ပါသွားမည်မဟုတ်ဘဲ၊ မြေပြင်တွင် ပြည်သူများ အမှန်တကယ် ခံစားနေရသည့် ပကတိ ဒုက္ခများနှင့် စစ်ရာဇဝတ်မှုများကိုသာ ဆက်လက်ဖော်ထုတ် မှတ်တမ်းတင်သွားကြမည် ဖြစ်သည်။
