စစ်အုပ်စုနှင့် ချုပ်ဆိုသော စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်သူကို ကိုယ်စားမပြုဟု NUG အစိုးရဆို

ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
ပုံစာ- သီလဝါဆိပ်ကမ်း။

မြန်မာနိုင်ငံတွင်း စစ်အုပ်စုနှင့် ချုပ်ဆိုသော စီပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် များသည် ပြည်သူလူထုကို ကိုယ်စားပြုမှု မရှိကြောင်း NUGအစိုးရက ထုတ်ပြန်လိုက်သည်။

ထို့အပြင် လုံလောက်သော အများပြည်သူဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုနှင့် လွတ်လပ်သော အဖွဲ့အစည်းများ၏ ကြီးကြပ်စောင့်ကြည့်မှုတို့ ကင်းမဲ့လျက်ရှိသဖြင့် ဥပဒေရေးရာ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် လုံခြုံစိတ်ချရမှုရှိစေရေးတို့သည် ပြည်သူလူထု၏ ဆန္ဒနှင့် ကိုက်ညီသော၊ တာဝန်ယူမှုနှင့် တရားဝင်မှု ရှိသော အုပ်ချုပ်ရေးစနစ်တစ်ရပ် ပေါ်ပေါက်လာခြင်းအပေါ် မူတည်လျက်ရှိကြောင်း အတုအယောင် ရွေးကောက်ပွဲကိုအခြေခံပြီး တရားဝင်မှု ရရှိရန် ကြိုးစားနေသည့် စစ်အုပ်စုကို အလေးပေး ဆက်ဆံ ခြင်းသည် တိုင်းပြည်၏ လက်ရှိပြဿနာများ ပြေလည်စေရေးကို ဦးတည်ခြင်းမရှိဘဲ စစ်အုပ်စု၏ အကြမ်းဖက်ရက်စက်မှုများကို ပိုမိုဆိုးရွားစေရန် အားပေးသကဲ့သို့ ဖြစ်စေကြောင်း NUGက ဆိုသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ လူ့အခွင့်အရေးကို လေးစားမှု နှင့် သက်ဆိုင်ရာ ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားမှုတို့အပေါ် အခြေခံ ဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြည်သူများ၏ ကိုယ်ပိုင် အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ အချုပ်အခြာအာဏာ တန်းတူညီမျှမှုနှင့် ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်မှု မပြုရေး အခြေခံမူများကို လေးစားလိုက်နာရန် အရေးကြီးကြောင်းလည်း ဆို သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမိတ်ဖက် အားလုံး နှင့်အတူ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးတို့ အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုလျက်ရှိပြီး မြန်မာ ပြည်သူလူထု၏ ဆန္ဒ၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ရေရှည်တည်ငြိမ်ရေးတို့ကို အထောက် အကူပြုမည့် ဆက်ဆံရေးများ တည်ဆောက်မြှင့်တင်သွားရန် အသင့်ရှိကြောင်း ထုတ်ပြန်သည်။