By Khaosod English
ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်းရှိ ဒေါင်လွောင် (Doi Luang) ရထားလမ်းဥမင်လိုဏ်ခေါင်း တည်ဆောက်ရေးစီမံကိန်းခွင်အတွင်း ဥမင်နံရံပြိုကျမှုဖြစ်ပွားခဲ့သဖြင့် အလုပ်သမားနှစ်ဦး သေဆုံးကာ အခြားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ မတော်တဆမှုသည် စနေနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကန်ထရိုက်တာများက ဥမင်လိုဏ်ခေါင်းအတွင်း ရေစိုခံစနစ် (Waterproofing system) တပ်ဆင်နေစဉ်အတွင်း ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတော်ရထားပို့ဆောင်ရေးအဖွဲ့ (State Railway of Thailand) ကမူ ကျွမ်းကျင်ပညာရှင်များအနေဖြင့် မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများကို ပြန်လည်သုံးသပ်နိုင်ရန်အတွက် အဆိုပါလုပ်ငန်းခွင်ကို နှစ်ရက်ကြာ ယာယီရပ်ဆိုင်းထားရန် အမိန့်ပေးထားသည်။
အာဏာပိုင်များဘက်ကလည်း ထိခိုက်နစ်နာခဲ့ရသည့် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လိုအပ်သည့် ကူညီပံ့ပိုးမှုများနှင့် နစ်နာကြေးများ ပေးအပ်သွားမည်ဟု ပြောကြားထားသည်။
