ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်ဦး ရဲရန်ပုံငွေကို ငွေတိုးချေးစားနေ

By MPA

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်ဦးသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း တပ်ဖွဲ့ပိုင်ရန်ပုံငွေများကို လုံခြုံရေးအရ အရေးပါသည့် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ငွေကျပ် သိန်း ၅၀ နှင့် မြဝတီမြို့မရဲစခန်းသို့ ငွေကျပ် သိန်း ၅၀ အသီးသီး ထုတ်ချေးခဲ့ကြောင်း ရဲသတင်းရင်းမြစ်က MPA သို့ပြောသည်။

ထိုသို့ ထုတ်ချေးရာတွင် အတိုးနှုန်းအဖြစ် တစ်လလျှင် ၅ ကျပ်နှုန်း မဖြစ်မနေ ပေးဆောင်ရန် ဖိအားပေးစေခိုင်းခဲ့သဖြင့် မြဝတီခရိုင်ရဲတပ်ဖွဲ့ဝင်များသည် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တစ်လလျှင် အတိုးငွေ ၅ သိန်းကျပ်ကို ပေးသွင်းနေရခြင်းဖြစ်သည်။

“အခုလို မတရားအတိုးနှုန်းတွေ သတ်မှတ်ပြီး ချေးစားနေတဲ့အတွက် အောက်ခြေက ရဲတပ်ဖွဲ့ဝင်တွေခမျာ အတိုးနှုန်းလေး နည်းနည်းလောက် လျှော့ပေးဖို့ အဆင့်ဆင့် အသနားခံ တင်ပြခဲ့ကြသေးတယ်။ ဒါပေမဲ့ ပြည်နယ်ရဲမှူးကြီးက လုံးဝကို လျှော့မပေးခဲ့ဘူး။ ပိုပြီး ဆိုးတာက ရဲမှူးကြီး မောင်မောင်ဦးဟာ ဒီလိုပုံစံမျိုးနဲ့ပဲ တခြားမြို့နယ်တွေမှာရှိတဲ့ ခရိုင်ရဲမှူးရုံးတွေ၊ ရဲစခန်းတွေကိုလည်း တပ်ဖွဲ့ပိုင် ရန်ပုံငွေတွေ လိုက်ထုတ်ချေးထားသေးတယ်။ အဲဒီကနေ လစဉ်ရနေတဲ့ အတိုးငွေတွေကိုလည်း တပ်ဖွဲ့ပိုင် ရန်ပုံငွေစာရင်းထဲ ပြန်မသွင်းဘဲ သူ့ကိုယ်ကျိုးအတွက်ပဲ သဘောအလျောက် သုံးစွဲနေတာ” ဟု ရဲသတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် အောက်ခြေရဲစခန်းများနှင့် ရဲတပ်ဖွဲ့ဝင်များသည် အထက်မှ စေလွှတ်လိုက်သော စစ်ကော်မရှင် လက်အောက်ခံတပ်ဖွဲ့များကိုပါ စရိတ်စိုက်ထုတ်၍ ကျွေးမွေးပြုစုနေရကြောင်း သိရသည်။

“မြဝတီမြို့ကို ရောက်နေတဲ့ ရဲမှူးကြီး ဇော်ဇော်နေဟိန်း ဦးဆောင်တဲ့ အင်အား ၇၀ ကျော်ပါတဲ့အဖွဲ့ဟာ ၂၀၂၅ ခုနှစ် ၁၀ လပိုင်းကတည်းက ရောက်လာခဲ့တာဗျ။ အဲဒီအချိန်ကစပြီး သူတို့ရဲ့ နေ့တိုင်းစားစရိတ်နဲ့ စက်သုံးဆီဖိုးတွေကို မြဝတီရဲစခန်းကပဲ အကုန်အကျခံပြီး စိုက်ထုတ်ပေးနေရတာ။ အဲဒီအဖွဲ့ရဲ့ စားစရိတ်တင်ပဲ တစ်ရက်ကို ၄ သိန်းခန့် ရှိတော့ တစ်လကို သိန်း ၁၂၀ လောက် ကုန်နေတာပေါ့။ ဒါတင်မကသေးဘူး၊ လုံခြုံရေးလုပ်ငန်းတွေအတွက် သုံးတဲ့ စက်သုံးဆီဖိုးကလည်း လစဉ် သိန်း ၄၀ လောက် ကုန်ကျနေတာဗျ” ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ကုန်ကျစရိတ်များ အလွန်အမင်း များပြားနေသည့်အတွက် ရဲတပ်ဖွဲ့ဝင်များက ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ လစဉ်ထုတ်ပေးသော စက်သုံးဆီများထဲမှ ကူညီထောက်ပံ့ပေးပါရန် တင်ပြတောင်းခံခဲ့သော်လည်း ရဲမှူးကြီး မောင်မောင်ဦးက ထောက်ပံ့ပေးခြင်းမရှိဘဲ မျက်ကွယ်ပြုခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ပြည်နယ်အတွက် လစဉ်ရရှိသော စက်သုံးဆီ ဂါလံ ၅၀၀ ကျော်နှင့် ကရင်ပြည်နယ်အတွက် သီးခြားထုတ်ပေးထားသော လုံခြုံရေးအရန်ဆီ ဂါလံ ၆၀၀ ကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက လစဉ် တစ်ဦးတည်း သီးသန့်ရယူ သုံးစွဲနေကြောင်း ရဲသတင်းရင်းမြစ်က ပြောသည်။

ရဲသတင်းရင်းမြစ်၏ နောက်ဆုံးပေးပို့ချက်အရ အဆိုပါ ရဲမှူးကြီး မောင်မောင်ဦး၏ မတရားသဖြင့် ငွေတိုးချေးစားမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်ကာ ဝန်ထမ်းအချင်းချင်း နှိပ်စက်နေမှုများကို ခံပြင်းကြသဖြင့် အောက်ခြေရဲတပ်ဖွဲ့ဝင်များက နေပြည်တော် ရဲချုပ်ရုံးနှင့် သက်ဆိုင်ရာ စစ်ကော်မရှင်ထံ အထောက်အထားအပြည့်အစုံဖြင့် တိုင်ကြားစာများ ပေးပို့ထားကြောင်းသိရသည်။

သို့သော် စစ်ကော်မရှင်၏ စနစ်တစ်ခုလုံးသည် အထက်မှအောက်ခြေအထိ အဂတိတရားများဖြင့် အပြန်အလှန် ဖုံးလွှမ်းချိတ်ဆက်ထားသဖြင့် အဆိုပါ တိုင်ကြားမှုများအပေါ် တစ်စုံတစ်ရာ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ မျက်ကွယ်ပြုထားကြပြီး၊ အဂတိလိုက်စားသူ ရဲမှူးကြီး မောင်မောင်ဦးကို မည်သည့်အရေးယူမှုမျှ ခံရခြင်းမရှိဘဲ ရာထူး၌ ဆက်လက်တည်ရှိနေကြောင်း သိရသည်။