ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖျက်ဆီးမှုကို ပြည်သူမြင်မှာ ကြောက်သဖြင့် ညအချိန်၌သာ ခိုးဝှက် လုပ်ရဲ

ဓာတ်ပုံ-ရေဦးပကဖ၊ ပအဖ
ယခင် ရေဦးမြို့ ဗိုလ်ချုပ်ကြေးရုပ်တုပုံနှင့် ယခုဖယ်ရှားဖျက်ဆီးပြီးနောက် မြင်ကွင်း။

ပြည်သူများက ခုခံနိုင်စွမ်းမရှိမှန်း သိသော်လည်း စစ်တပ်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ည အချိန်ကျမှ ခိုးဝှက်ဖျက်ဆီးရဲကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖယ်ရှားဖျက်ဆီးခဲ့သည့် ရေဦးမြို့နှင့် တောင် ငူမြို့တို့သည် စစ်တပ်က အလုံးစုံထိန်းချုပ်ထားသော မြို့များဖြစ်ပြီး ဒေသခံပြည်သူတို့က ရုပ်တု ဖျက်ဆီးမှုအပေါ် နှုတ်ဖြင့် ကန့်ကွက်နိုင်စွမ်းပင် မရှိသော်လည်း လူမြင်သည့်အချိန်၌ မလုပ်ရဲကြောင်း သိရသည်။

“တောင်ငူမှာတုန်းက ညဘက်လုပ်တာတောင် လျှပ်စစ်မီးပါ ဖြတ်ပြီးမှ ဗိုလ်ချုပ်ရုပ်တုကို ဖယ်ရှား တယ်။ရေဦးမှာဆိုရင်လည်း ညမထွက်ရအမိန့်ထုတ်ပြီးတော့ ဖြိုတာ။သူတို့ကိုယ်သူတို့ လိပ်ပြာမလုံ ဘူး။မလုပ်သင့်မလုပ်အပ်တဲ့ အလုပ်ဆိုတာ သိတယ်။ သူတို့ မဟုတ်တာ လုပ်နေတာကို ပြည်သူ မြင် မှာလည်း ကြောက်တယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြော သည်။

ဇွန်လ၂၇ရက်ည ၁၁နာရီခန့်တွင် ရေဦးမြို့လယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်တုကို စည်ပင်က ဘက်ဟိုးကား ဖြင့် ဖယ်ရှားဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ယင်းည ၆နာရီကတည်းက ညမထွက်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ် သလို ညဦးပိုင်းအချိန်၌ စစ်သားများ မြို့ပတ်ကာ သေနတ်များ ရမ်းကားပစ်ခတ်ခဲ့သေးသည်။

“ယတြာဆိုရင်တော့ သူတို့ဆရာတွေ လုပ်ခိုင်းတဲ့ မြို့က ဗိုလ်ချုပ်ရုပ်တုတွေပဲ ဖယ်မှာ။ယတြာမဟုတ် ဘူးဆိုရင်တော့ တစ်နိုင်ငံလုံးက ဗိုလ်ချုပ်ရုပ်တုတွေ အကုန်လုံးကို ဖျက်မှာပေါ့”ဟု ၎င်းက ဆက် လက် ပြောသည်။
ဇွန်လ၉ရက်ညကလည်း တောင်ငူမြို့၊ ကေတုမတီကျုံးအနီးရှိ ဗိုလ်ချုပ်ကြေးရုပ်တုကို ဖယ်ရှား ဖျက် ဆီးခဲ့သည်။

၂၀၂၅၊နိုဝင်ဘာတွင် ပုသိမ်မြို့ ဗိုလ်ချုပ်ကြေးရုပ်တု၊ ၂၀၂၅၊ဩဂုတ်တွင် ပဲခူးမြို့လယ်ရှိ ဗိုလ်ချုပ် ကြေးရုပ်တု၊ ၂၀၂၅၊ဇူလိုင်လကုန်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့ရှိ ဗိုလ်ချုပ်ရုပ်တုနှင့် ၂၀၂၄၊ အောက်တိုဘာတွင် သာစည်မြို့ ဗိုလ်ချုပ်ရုပ်တုတို့ကို စစ်တပ်က ဖယ်ရှားဖျက်ဆီးခဲ့ပြီး ယင်းရုပ်တု များ ဖယ်ရှားစဉ်ကလည်း ညနက်ပိုင်းအချိန်များ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။