By MPA
မြန်မာတွင် ၁၄ ခုရှိသည့် တိုင်းနှင့် ပြည်နယ်အတွင်းမှ ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် လာမည့် ဇူလိုင်လဆန်းပိုင်း၌ မိုးကြီးနိုင်သဖြင့် ရေဘေးသတိပြုကြရန် မိုးလေဝသဌာနများက သတိပေးထားသည်။
မိုးကြီးရေလျှံမှုများနှင့် မြေပြိုမှုဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် အထူးကြိုတင်သတိပြုကြရန် စစ်အုပ်စု၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန်လ ၃၀ ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ လာမည့် ဇူလိုင်လ ၃ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့အပြင်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
အဆိုပါ ဒေသ ၇ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းရခြင်းမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အဆိုပါရက်များအတွင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ၊ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။
ပင်လယ်ပြင်လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။
မိုးဇလဦးစီးဌာနက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရနိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်နှင့် ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများကိုလည်းကောင်း ကြိုတင်သတိပြုရန် နှိုးဆော်ထားသည်။
ယင်းအပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း အန္တရာယ်ကင်းရှင်းစေရေးအတွက် ကြိုတင်သတိပြု သွားလာကြရန် အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်ရှိ ဖားကန့်မြို့တွင် ဥရုချောင်းရေမြင့်တက်လာပြီးနောက် လူနေအိမ်များ နစ်မြုပ်ပြီး ရေဘေးဒဏ်တွေ့ခဲ့ပြီး မိုးကောင်းမြို့တွင်လည်း နမ့်ယင်း/နမ့်ကောင်းချောင်း စိုးရိမ်ရေမှတ်အထက် မြင့်တက်စေသည်အထိ မိုးကြီးပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်အတွက် လူသေဆုံးမှုအထိ ရှိခဲ့ကြောင်း သိရသည်။
