ရွှေပြည်သာအုပ်ချုပ်ရေးမှူးများ လူရှာမပေးနိုင်လျှင် စစ်မှုထမ်းလိုက်ရမည်ဟု စစ်တပ်က ဖိအားပေး နေကြောင်း သိရသည်။
ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တပ် က ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ ဆင့်ခေါ်ကာ အထက်ပါအတိုင်း ဖိအား ပေးခြိမ်း ခြောက်ခဲ့ကြောင်း ရွှေပြည်သာထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“အဓိကကတော့ စစ်မှုထမ်းအတွက် လူရှာပေးဖို့ပေါ့။မရှာပေးနိုင်ရင် ခင်ဗျားတို့ကိုလည်း ချမ်းသာမ ပေးဘူးပေါ့”ဟု ၎င်းက MPAသို့ပြောသည်။
ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူးများမှာ လူဖမ်းမပေးခြင်းမဟုတ်ဘဲ လူအဖမ်းများသဖြင့် ဖမ်းစရာ လူ ရှားပါးလာခြင်းဖြစ်ကြောင်း ရွှေပြည်သာ၊ဗီအိုင်ပီရပ်ကွက်တစ်ခုနေ ပြည်သူတစ်ဦးက ပြောသည်။
“ရွှေပြည်သာမှာ ဖမ်းတာမှ တောက်လျှောက်ဖမ်းနေတာ ၂၀၂၄နှစ်ကုန်ပိုင်းကတည်းပဲ။စစချင်းတုန်း က ရွှေပြည်သာက လက်လုပ်လက်စားတွေနေတဲ့ဘက် ပစ်မှတ်ထားပြီး ဖမ်းတယ်။နောက်ပိုင်း အဲ ဘက်မှာ လူအရနည်းလာတော့ လမ်းတွေပေါ် လျှောက်ဖမ်းတယ်။အခုကတော့ ဖမ်းစရာလူငယ်နည်း သွားလို့ ၄၀ကျော်တွေတောင် မချန်တော့ဘူး”ဟု ၎င်းက ပြောသည်။
ရွှေပြည်သာမြို့နယ်အတွင်း အသက်၄၀ကျော်အရွယ်များလည်း ပေါ်တာဆွဲခံနေရကြောင်း သိရသည်။
“ပေါ်တာမှာ စစ်မှုထမ်းအကျုံးဝင် အသက်ဆိုတာ မရှိဘူး။အရွယ်ကောင်းတယ်။လုပ်နိုင်ကိုင်နိုင်တယ် ဆို ဆွဲတာပါ။အဆွဲခံရပြီးမှ ကျနော် ၄၀ကျော်ပြီဆိုပြီး မှတ်ပုံတင်ပြလည်း ခွေးတွေက လက်မခံဘူး။ ၄၀ကျော် ပေါ်တာဆွဲခံရတာတွေ အတိအကျသိပေမဲ့ ကိုယ့်လုံခြုံရေးအရ မပြောရဲတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ရွှေပြည်သာမြို့နယ်အတွင်းရှိ ပြည်သူများမှာ ပေါ်တာဆွဲခံရမည်ကို ကြောက်သဖြင့် နေ့ခင်းဘက်တွင် ပင်လျှင် လမ်းမများပေါ်၌ ယခင်လို လူမများတော့ကြောင်း သိရသည်။
မေလ၂၅ရက် သန်းခေါင်ယံအချိန်က ရွှေပြည်သာမြို့နယ်၊ဗိုလ်ချုပ်လမ်းမပေါ်၊ ခေါင်သုံးလုံးမှတ်တိုင် နှင့် ကားလေးဂိတ်မှတ်တိုင်ကြားရှိ သော်သော်ပိတ်လိပ်ရောင်းဝယ်ရေးဂိုထောင်ရှေ့တွင် အိပ်နေသော ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုခန့်ကိုကိုကျော်ကို အမည်မသိလူ၂ဦးက အိမ်စီးကားဖြင့် ရောက်လာကာ ဖမ်းဆီးသွားခဲ့ကြောင်း သော်သော်ပိတ်လိပ်ရောင်းဝယ်ရေးပိုင်ရှင် အမျိုးသမီးက ၎င်း၏ ဖေ့စ်ဘွတ်ခ် ပေါ် ရုပ်သံထုတ်လွှင့် ပြောကြားခဲ့ဖူးသည်။
