By MPA
စာသင်ကျောင်းများ ပိတ်ထားရခြင်းသည် နိုင်ငံနှင့် ဒေသ၏ အနာဂတ်ကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြန်သည်။
၎င်းက ယခုကဲ့သို ပြောဆိုချိန်တွင် မြေပြင်၌ စစ်ကော်မရှင်တပ်၏ စာသင်ကျောင်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းများကြောင့် ကလေးငယ်များနှင့် လူငယ်သန်းနှင့်ချီ၍ ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း ကုလသမဂ္ဂနှင့် တော်လှန်ရေးအင်အားစုများဘက်က ထုတ်ပြန်ထားချင်များအရ သိရသည်။
ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် ကောင်စီဝင်များနှင့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ တွေ့ဆုံပွဲတွင် တရားမဝင်သမ္မတက ခြိမ်းခြောက်မှုများကြောင့် ကျောင်းများပိတ်ထားရခြင်းသည် ဒေသကို နိမ့်ပါးအောင် တွန်းပို့နေခြင်းဖြစ်ပြီး၊ ပညာရေးကို ဖျက်ဆီးခြင်းမှာ နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စစ်တပ်ပူးပေါင်းကာ လုံခြုံရေးစီမံချက်များ ရေးဆွဲရန်လည်း ၎င်းက ညွှန်ကြားခဲ့သေးသည်။
သို့သော်လည်း ဝေဖန်ထောက်ပြသူများနှင့် တော်လှန်ရေးအင်အားစုများ၏ အဆိုအရ မြေပြင်တွင် လူငယ်များ ပညာမသင်ကြားနိုင်ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းမှာ စစ်အုပ်စုက အတင်းအဓမ္မ ကျင့်သုံးနေသည့် စစ်မှုထမ်းဥပဒေကြောင့်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်မှုထမ်းဥပဒေကြောင့် ကျောင်းသားလူငယ် အမြောက်အမြားသည် ပညာသင်ခွင့်များကို စွန့်လွှတ်ကာ ပြည်ပနိုင်ငံများနှင့် ဘေးလွတ်ရာ တော်လှန်ရေးနယ်မြေများသို့ တိမ်းရှောင်ခဲ့ကြရပြီး၊ ပြည်တွင်း၌ ကျန်ရှိနေသည့် လူငယ်အချို့မှာလည်း ဖမ်းဆီးပေါ်တာဆွဲခံရမည့် အန္တရာယ်ကြောင့် စာသင်ခန်းများသို့ မသွားရဲဘဲ ပုန်းအောင်းနေကြရသည်ဟု ဒေသခံများက ဆိုသည်။
တစ်ဖက်တွင်လည်း ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အစီရင်ခံစာများနှင့် အချက်အလက်များအရ မြန်မာနိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများနှင့် တက္ကသိုလ်များသည် စစ်ကော်မရှင်တပ်၏ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းများကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ စာသင်ကျောင်းများအတွင်း ကလေးငယ်များနှင့် ဆရာ၊ ဆရာမများ ရှိနေစဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရသည့် ဖြစ်စဉ်များ ထင်ရှားစွာ ရှိခဲ့သည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ်ပြန်ချက်များတွင်လည်း မြန်မာနိုင်ငံ၌ ကလေးငယ် သန်းနှင့်ချီ၍ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရခြင်းသည် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်မီးမွှေမှုများကြောင့် ဖြစ်ကြောင်း အစဉ်တစိုက် ထောက်ပြဝေဖန်ထားသည်။
ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်အစည်းအဝေးတွင် ပညာရေးဖျက်ဆီးမှုအပေါ် စိုးရိမ်ကြောင်း ပြောဆိုနေသော်လည်း မြေပြင်တွင်မူ ၎င်းတို့ကိုယ်တိုင် စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းနှင့် လူငယ်များကို စစ်ထဲသို့ အတင်းအဓမ္မ သွတ်သွင်းခြင်းများဖြင့် တိုင်းပြည်၏ ပညာရေးကဏ္ဍကို အစုလိုက်အပြုံလိုက် ပျက်စီးအောင် လုပ်ဆောင်နေသည်မှာ စစ်အုပ်စုကိုယ်တိုင်သာဖြစ်ကြောင်း ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ်နေသည်။
