စစ်ကိုင်းအတွင်း တော်လှန်ရေးတပ်များ၏ ပဋိပက္ခနှင့် COC ပြဿနာများ မရှင်းလင်းနိုင်သေးချိန် NUG က ကြိုးနဲ့စွန် ကမ်ပိန်းဖြင့် အလှူခံ

By MPA

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသော ပဋိပက္ခများ၊ ဖမ်းဆီးထိန်းသိမ်းမှုများနှင့် စစ်ဘက်ဆိုင်ရာ အမိန့်နာခံမှု မရှိသည့် ပြဿနာများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်တိုင်၊ ဝေဟင်နည်းပညာအတွက်ဟုဆိုကာ ကြိုးနဲ့စွန် အမည်ဖြင့် ကမ်းပိန်းတစ်ခုပြုလုပ်ပြီး ပြည်သူ့ထံမှ အလှူခံမှုကို ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင်စတင်လိုက်ကြောင်း သိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ရာ၌ စစ်ကော်မရှင်တပ်၏ လေကြောင်းအင်အားကို ဟန့်တားရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ၏ ဝေဟင်တိုက်ပွဲဝင်နိုင်စွမ်း မြှင့်တင်ရန်အတွက် အဆိုပါ ကမ်ပိန်းတွင် ပြည်သူတစ်ရပ်လုံး အားသွန်ခွန်စိုက် ပါဝင်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း၌ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း နယ်မြေလုခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် COC မကျဘဲ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အခြေခံကျသော စစ်ရေး၊ နိုင်ငံရေး ပြဿနာများမှာ ပြေလည်မှုမရှိသေးဘဲ တင်းမာနေဆဲဖြစ်သည်။

တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှုနှင့် စနစ်တကျ ထိန်းကျောင်းနိုင်မှုအားနည်းနေသည့် ပြဿနာကို ဗဟိုအစိုးရအနေဖြင့် ရေရေရာရာ ရှင်းလင်းပြတ်သားစွာ ဖြေရှင်းမပေးနိုင်ဘဲ၊ ပြည်သူ့ထံမှ ငွေကြေးထောက်ပံ့မှု ရယူမည့် ကမ်ပိန်းများကိုသာ ရှေ့တန်းတင်နေခြင်းအပေါ် ပြည်သူများနှင့် တော်လှန်ရေးရဲဘော်အချို့က ထောက်ပြမှုများရှိနေသည်။

ယနေ့ခေတ် တိုက်ပွဲများသည် နည်းပညာတိုက်ပွဲများ ဖြစ်လာသဖြင့် ဒရုန်းနှင့် ဝေဟင်နည်းပညာကဏ္ဍများကို ဖြည့်တင်းရန် လူထုထောက်ပံ့ရေး ကမ်ပိန်းများဖြင့် အရှိန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း NUG ထုတ်ပြန်ချက်တွင် ဆိုထားသည်။

မြေပြင်စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများ၏ အချက်အလက်များအရ ယခု ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အရပ်သား ၃၀၀ ကျော် သေဆုံးပြီး ၅၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်းနှင့် ဆေးရုံ အဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးခဲ့ရသည်။

စစ်ကော်မရှင်တပ်က မြေပြင်စစ်ရှုံးမှုများကို ကာမိစေရန် လေကြောင်းကို ပိုမိုမှီခိုလာချိန်တွင် NUG/MoD ကလည်း ယင်းကို အန်တုရန် ပြည်သူ့ထံမှ ရန်ပုံငွေထပ်မံကောက်ခံကာ နည်းပညာမြှင့်တင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

သို့သော် NUG အနေဖြင့် စစ်ကော်မရှင်၏ လေကြောင်းရန်ကို ခုခံရန်ထက် မြေပြင်တွင် ဖြစ်ပွားနေသည့် ပြဿနာများနှင့် COC တည်ဆာက်မှု အားနည်းချက်များကို အရင်ဆုံးရှင်းလင်းသင့်ကြောင်း စစ်ရေးလေ့လာသူအချို့က ထောက်ပြသည်။