မဲဆောက်တွင် လစဉ်ဘတ်သန်း ၇၀ လည်ပတ်နေသည့် မြန်မာအမျိုးသမီး ၂ ဦးအပါ ကျားဖြန့်ဂိုဏ်းကို ဖမ်းမိ

ဓာတ်ပုံ - Maesot Media

By Maesot Media

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ နေအိမ်တစ်လုံးကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ လစဉ်ဘတ် ၇၀ သန်းဖြင့်လည်ပတ်ငွေရှိသည့် မြန်မာအမျိုးသမီးနှစ်ဦးပါဝင်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းကြီးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ (ဇွန်လ ၃၀ ရက်) နံနက်ပိုင်းက မဲဆောက်မြို့၊ မယ်ပ (Mae Pa)အပိုင်၊ ရပ်ကွက်အမှတ်(၁၀)ရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက် ဖွင့်လှစ်လုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရသဖြင့် ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCIB) က မဲဆောက်ခရိုင်တရားရုံး၏ ရှာဖွေဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီးနင်းမှုအတွင်း အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်တွင် Customer Service (Admin) အဖြစ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသူ ၂ ဦးဖြစ်သော မနာ (အသက် ၂၇ နှစ်) နှင့် မဇင်ဇာနွယ် (အသက် ၂၆ နှစ်) တို့ကို လက်ရဖမ်းဆီးရမိခဲ့သည်။

၎င်းတို့သည် လောင်းကစားဝက်ဘ်ဆိုက်တွင် ဖောက်သည်များကို စကားပြောဆိုဖြေကြားပေးရသည့် လုပ်ငန်းအတွက် တစ်ဦးလျှင် လစဉ်လစာ ထိုင်းဘတ် ၃၀,၀၀၀ ခန့် ရရှိကြောင်း ထွက်ဆိုထားသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ၎င်းတို့လုပ်ကိုင်နေသည့် “Las Vegas LV177” အမည်ရှိ ဝက်ဘ်ဆိုက်သည် လတ်တလော ကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို အဓိကထား၍ လောင်းကစားဒိုင်အဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ တစ်လလျှင် ငွေကြေးလည်ပတ်မှု ဘတ်သန်း ၇၀ ခန့်အထိ ရှိနေကြောင်း စိစစ်တွေ့ရှိရသည်။

အခင်းဖြစ်ပွားရာနေရာမှ သက်သေခံပစ္စည်းများအဖြစ် ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများ၊ အိုင်ပက် (iPad) များ၊ ကွန်ရက်ချိတ်ဆက်သည့် အင်တာနက်စက်ပစ္စည်းများ၊ ထိုင်းဘတ်ငွေ ၃၅,၀၀၀၊ ရွှေထည်ဟု ယူဆရသည့် လက်ဝတ်ရတနာများ၊ ဘုရားဆင်းတုတော်များနှင့် ဘဏ်စာအုပ် အများအပြားကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။

လတ်တလော ဖမ်းဆီးရမိသည့် မြန်မာအမျိုးသမီး ၂ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားပြီး၊ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားပွဲများတွင် ပူးပေါင်းပါဝင်ကျူးလွန်မှု၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လောင်းကစားရန် ဖိတ်ခေါ်ဆွဲဆောင်မှု စသည့် ဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ဆိုသည်။

ထို့ပြင် ယခုအွန်လိုင်းလောင်းကစားဂိုဏ်း၏ နောက်ကွယ်မှ ဝက်ဘ်ဆိုက်ပိုင်ရှင်များ၊ မန်နေဂျာများနှင့် ငွေကြေးအကျိုးအမြတ်ရရှိနေသည့် ကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်နိုင်ရန် ဘဏ်စာရင်းများကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – Maesot Media