ထိုင်း၌ ၄၈ နာရီ အရက်ရောင်းချခွင့်ပိတ် တားမြစ်ချက်ကို ကျူးလွန်သူများ ထောင်ခြောက်လ သို့မဟုတ် ဘတ် ၁၀၀၀၀ ဒဏ်ရိုက်ခံရနိုင်

လာမည့် ရုံးပိတ်ရက်ရှည် ကာလအတွင်း ကျရောက်မည့် ဝါဆိုလပြည့် အကြိုနေ့နှင့် ဝါဆိုလပြည့်နေ့များတွင် တစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများနှင့် ဆိုင်များအနေဖြင့် အရက်သေစာ ရောင်းချခြင်းကို ၄၈ နာရီကြာ တားမြစ်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့( ဇူလိုင် ၂၇ရက်)တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ တားမြစ်ရောင်းချခွင့်မရှိသည့် ကာလအတွင်း စည်းကမ်းဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိသူများကို အများဆုံး ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ငွေဒဏ် ဘတ် ၁၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က တင်းတင်းကျပ်ကျပ် သတိပေးထားသည်။

ထိုင်းနိုင်ငံတွင် ဇူလိုင် ၂၈ ရက်နေ့ ကျရောက်မည့် ဘုရင်မွေးနေ့၊ ဇူလိုင် ၂၉ ရက်နေ့ ကျရောက်မည့် အာသာလဟာပူဇာနေ့နှင့် ဇူလိုင် ၃၀ ရက်နေ့ ကျရောက်မည့် ဝါဆိုလပြည့်နေ့တို့ ပါဝင်သည့် ရုံးပိတ်ရက်ရှည်ကာလအတွက် အာဏာပိုင်များက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း ယခုကဲ့သို့ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ထိုင်းရောင် ဖျစ်ဖန်၏ ပြောကြားချက်အရ ရဲချုပ် ဗိုလ်ချုပ်ကြီး ကစ်ထရတ် ဖန်ဖက်က ရုံးပိတ်ရက်ရှည် ကာလအတွင်း ရဲတပ်ဖွဲ့ယူနစ်အားလုံးအနေဖြင့် ရာဇဝတ်မှု ကာကွယ်ရေး အစီအမံများနှင့် လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့် လုပ်ဆောင်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါ အရက်ဘီယာ ရောင်းချခွင့် တားမြစ်ချက်အရ လက်ကားနှင့် လက်လီ ရောင်းချမှု မှန်သမျှကို ဇူလိုင် ၂၉ ရက်နေ့ သန်းခေါင်ယံ ၁၂ နာရီ ၁ မိနစ်မှစတင်ကာ ဇူလိုင် ၃၀ ရက်နေ့ သန်းခေါင်ယံအထိ ၄၈ နာရီအပြည့် တားမြစ်သွားမည် ဖြစ်သည်။

ဤကန့်သတ်ချက် တားမြစ်မိန့်သည် Convenience စတိုးဆိုင်များ၊ စူပါမားကတ်များ၊ အရက်ရောင်းချသည့် စားသောက်ဆိုင်များ၊ ဖျော်ဖြေရေးနေရာများနှင့် အခြား လက်လီရောင်းချသူများ အားလုံးအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိမည်ဖြစ်သည်။

သို့သော်လည်း ဥပဒေအရ အထူးကင်းလွတ်ခွင့် ပေးထားသည့် နေရာများဖြစ်သော နိုင်ငံတကာ ခရီးသည်များကို ဝန်ဆောင်မှုပေးနေသည့် လေဆိပ်တာမီနယ်များ၊ ဖျော်ဖြေရေးဆိုင်ရာ နေရာများအက်ဥပဒေအရ လိုင်စင်ရ ဖျော်ဖြေရေးနေရာများ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားသည့် သီးသန့် ခရီးသွားဇုန်များအတွင်းရှိ အဆောက်အအုံများ ပါဝင်သည်။

ထို့အပြင် ဟိုတယ်အက်ဥပဒေအရ တရားဝင် လိုင်စင်ရရှိထားသော ဟိုတယ်များနှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာအဆင့် အဓိက ပွဲလမ်းသဘင် ကျင်းပရာနေရာများကိုလည်း အဆိုပါ တားမြစ်ချက်မှ ကင်းလွတ်ခွင့် ပြုထားကြောင်း သိရှိရသည်။