ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အမျိုးသမီးတစ်ဦး လက်နောက်ပြန် လက်ထိပ်ခတ်ခံရသည့်အပြင် အဓမ္မပြုကျင့်၍ ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း လိင်အကြမ်းဖက်မှု၊ လူသတ်မှုများမှ ကာကွယ်ပေးနိုင်မည့် အစီအစဉ်များ အမြန်ဆုံး ဆောင်ရွက်ပေးရန် ပြည်တွင်း/ပြည်ပရှိ အရပ်ဘက်နှင့် ပရဟိတအဖွဲ့အစည်း ၁၀ ခုက ပူးပေါင်းကာ ယမန်နေ့( ဇူလိုင် ၂၇ရက်)တွင် ULA/AA ကို တောင်းဆိုခဲ့သည်။
အဆိုပါ ပူးပေါင်းထုတ်ပြန်ချက်တွင် မည်သည့် အကြောင်းပြချက်ကြောင့်ပင်ဖြစ်စေ အမျိုးသမီးတစ်ဦး၏ အသက်၊ ကိုယ်ခန္ဓာနှင့် လွတ်လပ်ခွင့်များကို ရက်စက်စွာ ချိုးဖောက်ကျူးလွန်သည့် အဓမ္မပြုကျင့်မှုနှင့် လူသတ်မှုကို လုံးဝ လက်ခံနိုင်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ ယင်းသို့ ပြုလုပ်ခြင်းသည် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို အပြင်အထန် ချိုးဖောက်စကားကားသည့် ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း အလေးအနက် ထောက်ပြထားသည်။
ယခုဖြစ်စဉ်အပါအဝင် အာရက္ခဒေသအတွင်း ဖြစ်ပွားခဲ့သည့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ လူသတ်မှုများနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှု အမူအခင်းများအားလုံးသည် သက်ဆိုင်ရာ မိသားစုများအတွက်သာမက ဒေသတွင်း လူ့အသိုင်းအဝိုင်း တစ်ခုလုံး၏ လုံခြုံရေး၊ ယုံကြည်မှုနှင့် ဥပဒေစိုးမိုးရေးတို့ကို ကြီးမားစွာ ထိခိုက်စေသဖြင့် မည်သည့် အကြောင်းပြချက်ဖြင့်မျှ လက်ခံနိုင်စရာ မရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများကို မည်သူဖြစ်စေ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ အပြစ်ပေးရန်၊ အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်၍ ပြည်သူများ သိရှိနိုင်ရန် ဆောင်ရွက်ပေးရန်နှင့် သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုအတွက် ထိုက်တန်သည့် တရားမျှတမှုကို ရှေ့ဆက် ဖော်ဆောင်ပေးရန် တောင်းဆိုထားသည်။
အလားတူ ဒေသအတွင်းရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လုံခြုံရေးကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးရန်နှင့် နောင်အနာဂတ်တွင် ယင်းကဲ့သို့ ရက်စက်သည့် ရာဇဝတ်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိရောက်သော ကာကွယ်ရေး အစီအစဉ်များ ဆောင်ရွက်ပေးရန် အုပ်ချုပ်ရေး တာဝန်ရှိသူများကို မေတ္တာရပ်ခံထားသည်။
ထို့အပြင် ပြည်သူလူထုအနေဖြင့်လည်း အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လုံခြုံရေးအတွက် သံသယဖြစ်ဖွယ် ဖြစ်စဉ်များ သို့မဟုတ် ဥပဒေချိုးဖောက်မှုများကို တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်မီ အသိပေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ရက္ခိတ ဂုဏ်ရောင် ပရဟိတအသင်း၊ ရမ္မာဝတီ ဇာမဏီ ပရဟိတအသင်း၊ စိုင်းခြို့ ပရဟိတအသင်း၊ ရမ္မာမြေ စစ်ဘေးကူညီရေးအဖွဲ့၊ စေတနာ အာရက္ခပြည်သူ အကျိုးပြုဆန်း ရံပုံငွေတည်ဆောက်ရေးအသင်း၊ ကံ့ကော်မြိုင် ပရဟိတအသင်း၊ ပေါက်နက်ချေ ကျေးရွာဖွံ့ဖြိုးရေး အလင်းရောင်အသင်း၊ ပြည်ပရောက် ကြောင်နိုင် လူငယ်အသင်း၊ ဇွဲအားမာန်နှင့် ချိုတက်ကတ်မေ ကပ်သပြေကျေးရွာ မျိုးဆက်လူငယ် ပရဟိတအသင်းနှင့် Arakan Community Mae Sot စသည့် ပြည်တွင်း/ပြည်ပ အရပ်ဘက် ပရဟိတ အဖွဲ့အစည်း ၁၀ ခုက ပူးပေါင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
