ဩစတြေးလျခရီးစဉ်အတွင်း ပါမောက္ခရှောင်တာနယ်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ အနာဂတ်အ တွက် မျှော်လင့်ချက်များကို ပြောဆိုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ဆိုသည်။
ပါမောက္ခရှောင်တာနယ်နှင့်ဇနီးတို့က ၎င်းတို့၏အိမ်တွင် နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည်အကြောင်း အမှတ်တရများကို ပြောဆိုခဲ့ကြသည်ဟု ကိုထိန်လင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ် ယနေ့(ဇွန်၆ရက်)ဖော်ပြသည်။
“ဩစတြေးလျခရီးစဉ်အတွင်းနောက်ထပ် အမှတ်တရရှိစေမယ့် အခိုက်အတန့်တစ်ခုကတော့ Sean Turnell နဲ့ သူ့ဇနီး Ha Vu တို့ကို တွေ့ဆုံခွင့်ရခဲ့တာပါ။Sean နဲ့ Ha တို့ဟာ မေမေ့ကို အမြဲ ချစ်ခင် လေးစားခဲ့ကြပြီး မြန်မာပြည်သူတွေအပေါ်မှာလည်း နက်ရှိုင်းတဲ့ မေတ္တာနဲ့ ခင်မင်မှုကို ပြသခဲ့ကြ ပါတယ်။ အခက်ခဲဆုံးအချိန်တွေမှာတောင် သူတို့ရဲ့ အားပေးထောက်ခံမှုက မလျော့ခဲ့ပါဘူး”ဟု ကိုထိန်လင်းက ပြောသည်။
ကိုထိန်လင်းသည် ဩစတြေးလျနိုင်ငံ၊ကန်ဘာရာမြို့တွင် အထက်လွှတ်တော်အမတ်များ၊ အောက် လွှတ်တော်အမတ်များ၊ အစိုးရတာဝန်ရှိသူများ၊ မြန်မာအသိုင်းအဝိုင်းတို့နှင့်ဇွန်လ၄ရက်က တွေ့ဆုံ ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် တောင်းဆိုသည့် Proof of Life လှုပ်ရှားမှုလည်း လုပ်ဆောင်ခဲ့သည်။
ပါမောက္ခရှောင်တာနယ်သည် NLDအစိုးရလက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု ကြည်၏ စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၆၅၀ ဖမ်းဆီးခံခဲ့ရသည်။
