လူပျိုဟု လိမ်လည်ကာ အမျိုးသမီး သုံးဦးအား စင်္ကာပူ ဒေါ်လာ ၁ဒဿမ ၆သန်းကျော် လိမ်လည်ခဲ့သည့် မြန်မာနိုင်ငံသား ထောင်ဒဏ် ၇နှစ်ကျော် ချမှတ်ခံရ

By Mothership

စင်ကာပူနိုင်ငံတွင် မိမိကိုယ်ကို လူပျိုဖြစ်ကြောင်း မဟုတ်မမှန် ပြောဆိုကာ အမျိုးသမီး ၃ ဦးထံမှ စင်ကာပူဒေါ်လာ ၁.၆၇ သန်းကျော် လိမ်လည်ခဲ့သည့် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား မျိုးကျော်အား စင်ကာပူတရားရုံးက ထောင်ဒဏ် ၇ နှစ်နှင့် ၃ လ ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

တရားခံ မျိုးကျော်သည် လိမ်လည်မှု၊ အတုအယောင်ပြုလုပ်မှုတို့နှင့် ပတ်သက်သည့် စွဲချက်ပေါင်း ၂၁ ခုအနက် ၇ ခုကို အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ကျန်ရှိသည့် စွဲချက်များကိုမူ ဇွန်လ ၅ ရက်နေ့ ပြစ်ဒဏ်စီရင်ချက်ချမှတ်ရာတွင် တရားရုံးက ထည့်သွင်းစဉ်းစားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တရားရုံးက နစ်နာသူအမျိုးသမီးများ၏ မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်များကို ကာကွယ်ရန်အတွက် အမည်ထုတ်ဖော်ပြောဆိုခြင်းမပြုရအမိန့် ထုတ်ပြန်ထားသည်။

တရားခံ မျိုးကျော်သည် ၂၀၂၂ ခုနှစ် မေလကတည်းက စင်ကာပူအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး ကလေးနှစ်ဦးရှိကာ ကွန်ဒိုမီနီယံတိုက်ခန်းတစ်ခုတွင် နေထိုင်သူဖြစ်သည်။

၎င်းသည် ယခင်က စင်ကာပူတွင် S Pass ဗီဇာဖြင့် ဘဏ္ဍာရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက်တွင် ကိုယ်ပိုင်ကုန်သွယ်မှုလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

သို့သော် မျိုးကျော်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အသက် ၄၄ နှစ်နှင့် ၄၅ နှစ်အရွယ် မလေးရှားအမျိုးသမီးနှစ်ဦး၊ အသက် ၃၅ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦးတို့နှင့် ချစ်ကြိုက်ကာ လိမ်လည်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် မျိုးကျော်သည် အသက် ၄၄ နှစ်အရွယ် ပထမဦးဆုံး နစ်နာသူ မလေးရှားအမျိုးသမီးနှင့် Dating App တစ်ခုမှတစ်ဆင့် စတင်သိရှိခဲ့ပြီး မိမိကိုယ်ကို လူပျိုဖြစ်ကြောင်း လိမ်လည်ပြောဆိုကာ အတည်တကျ တွဲခဲ့သည်။

တွဲနေစဉ်အတောအတွင်း မျိုးကျော်သည် ထိုအမျိုးသမီးထံမှ ငွေကြေးများကို မကြာခဏ တောင်းခံခဲ့ပြီး ၎င်း၏ဖခင် ကွယ်လွန်သွားသဖြင့် အမွေကိစ္စအတွက် ရှေ့နေခများနှင့် တရားရုံးစရိတ်များ လိုအပ်နေကြောင်း လိမ်လည်ခဲ့သည်။

လက်တွေ့တွင် ၎င်း၏ဖခင်မှာ မျိုးကျော် အသက် ၉ နှစ်သားကတည်းက ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ အခွန်ဆောင်ရန်၊ တရားရုံးဒဏ်ငွေများနှင့် အဖိုးဖြစ်သူ၏ ဆေးကုသစရိတ်များအတွက်ပါ ငွေလိုသည်ဟုဆိုကာ ထပ်မံတောင်းခံခဲ့သဖြင့် အဆိုပါအမျိုးသမီးသည် စုစုပေါင်း စင်ကာပူဒေါ်လာ ၅၄၃,၇၂၄ ခန့် ဆုံးရှုံးခဲ့ရသည်။

အမျိုးသမီးက ငွေကိစ္စများကို မေးမြန်းသည့်အခါ ဖခင်အမွေထဲမှရမည့် ဘဏ်ငွေလွှဲစာရွက်အတုများကိုပါ ပြသ၍ လိမ်လည်ခဲ့သဖြင့် အမျိုးသမီးသည် သံသယဝင်လာပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ရဲစခန်း၌ တိုင်ချက်ဖွင့်ခဲ့သော်လည်း မျိုးကျော်က မိမိလိမ်လည်ခြင်းမဟုတ်ကြောင်း ထပ်မံဖျောင်းဖျသဖြင့် ၂၀၂၃ ခုနှစ် သြဂုတ်လအထိ ဆက်လက်တွဲခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ် ဇွန်လတွင် မျိုးကျော်သည် Dating App မှတစ်ဆင့် သိခဲ့ရသည့် အသက် ၄၅ နှစ်အရွယ် ဒုတိယမြောက် မလေးရှားအမျိုးသမီးတစ်ဦးနှင့် ထပ်မံပတ်သက်ခဲ့ပြီး မိမိကိုယ်ကို ဩစတြေးလျပတ်စပို့ ကိုင်ဆောင်ထားသူဖြစ်ကြောင်း၊ Trading Platform တစ်ခု၏ ပူးတွဲတည်ထောင်သူဖြစ်ပြီး Bentley ကား အမြဲမောင်းကြောင်း ကြွားဝါခဲ့သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အဆိုပါအမျိုးသမီးမှာ မျိုးကျော်နှင့် ကိုယ်ဝန်ရရှိခဲ့ပြီး မျိုးကျော်ကလည်း အနာဂတ်အိမ်ထောင်ရေးအကြောင်း အိပ်မက်ပြကာ အရေးပေါ်အကြွေးများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ရန်ဟုဆိုကာ တစ်လမပြည့်မီအချိန်အတွင်း စင်ကာပူဒေါ်လာ ၃၆၀,၅၉၁ ကို လိမ်လည်ရယူခဲ့သည်။

အမျိုးသမီးသည် မိမိ၏စုဆောင်းငွေအားလုံး ကုန်ဆုံးသွားပြီးနောက် မျိုးကျော်နေထိုင်သည်ဆိုသော လိပ်စာသို့ သွားရောက်ရှာဖွေရာတွင် မရှိသည်ကို သိရှိသွားခဲ့ကာ၊ ၎င်းမောင်းသည့် Bentley ကားမှာ ၎င်း၏ဇနီးအမည်ဖြင့် မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း သိလိုက်ရချိန်မှသာ မျိုးကျော်တွင် ဇနီးနှင့် ကလေးများရှိနေသည်ကို အလုံးစုံ သိရှိသွားခဲ့ရခြင်းဖြစ်သည်။

မျိုးကျော်သည် အထက်ပါအမှုနှစ်ခုစလုံးအတွက် ဖမ်းဆီးတရားစွဲဆိုခံရပြီး တရားရုံးက အာမခံပေးထားသည့် ကာလအတွင်းမှာပင် တတိယမြောက် နစ်နာသူဖြစ်သည့် အသက် ၃၅ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦးအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ထပ်မံပတ်သက်ကာ လိမ်လည်မှုများ ဆက်လက်ကျူးလွန်ခဲ့သည်။

မျိုးကျော်က အဆိုပါအမျိုးသမီးအား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လှည့်ဖြားခဲ့သည့်အပြင် ၎င်း၏ ခရက်ဒစ်ကတ်အချက်အလက်များကို ယူဆောင်ကာ ငွေပေးချေမှုများ ပြုလုပ်ခဲ့ကြောင်း၊ အမျိုးသမီးက သံသယဝင်လာသည့်အခါ ၎င်း၏လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် ဗီဇာအာဏာပိုင်အဖွဲ့ (ICA) ၏ တရားဝင်စာရွက်စာတမ်းအတုများကိုပင် ဖန်တီး၍ လိမ်လည်ခဲ့သဖြင့် ထိုအမျိုးသမီးသည် စုစုပေါင်း စင်ကာပူဒေါ်လာ ၇၉,၁၈၉ ခန့် ဆုံးရှုံးခဲ့ရသည်။

တရားလိုပြအစိုးရရှေ့နေ၏ ပြောကြားချက်အရ မျိုးကျော်သည် အသက် ၄၀ နှင့် ၅၀ ဝန်းကျင်ရှိပြီး၊ မိသားစုများ ပြည်ပတွင်ရှိကာ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ရှာဖွေနေသည့် အသက်မွေးဝမ်းကျောင်းပညာရှင် အမျိုးသမီးများကို အဓိကပစ်မှတ်ထား၍ အချစ်ရေးအကွက်ဆင်ကာ ၂ နှစ်ခွဲကျော်ကာလအတွင်း စုစုပေါင်း ဒေါ်လာ ၁.၆၇ သန်းကျော်ကို လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လိမ်လည်မှုများကြောင့် နစ်နာသူများတွင် ပြင်းထန်သော စိတ်ဒဏ်ရာများ ရရှိခဲ့ကြပြီး၊ ကိုယ်ဝန်ရရှိခဲ့သည့် အသက် ၄၅ နှစ်အရွယ် မလေးရှားအမျိုးသမီးမှာ ၎င်းသည် လှည့်ဖြားခံလိုက်ရမှန်း သိရှိသွားပြီးနောက် ပြင်းထန်သော စိတ်ဖိစီးမှုများ ခံစားခဲ့ရကာ ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကိုယ်ဝန်ပျက်ကျခဲ့ရသည့်အပြင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လိုစိတ်များအထိ ဖြစ်ပေါ်ခဲ့ရသည်။

ထို့အတူ တရုတ်အမျိုးသမီးမှာလည်း အလွန်အမင်း ရှက်ရွံ့ခြင်း၊ နောင်တရခြင်းနှင့် ကြွေးမြီများကြောင့် စိတ်ပူပန်သောကရောက်ခြင်းနှင့် အိပ်မပျော်ခြင်းဝေဒနာများ ခံစားခဲ့ရကာ လူမှုဆက်ဆံရေးနှင့် အလုပ်အကိုင်စွမ်းဆောင်ရည်များပါ ထိခိုက်ပျက်စီးခဲ့ရသည်။

အစိုးရရှေ့နေများက အဆိုပါ စိတ်မချမ်းမြေ့ဖွယ် နောက်ဆက်တွဲရလဒ်များကို ထောက်ပြပြီး တရားခံ မျိုးကျော်အား ထောင်ဒဏ် ၇ နှစ်မှ ၈ နှစ်အထိ ချမှတ်ပေးရန် တရားရုံးသို့ လျှောက်လဲခဲ့ကြခြင်း ဖြစ်သည်။