ဒုက္ခ/သုခဟူသမျှကို တစ်လှေတည်းစီး အတူကျော်ဖြတ်၍ တရုတ်-စစ်အုပ်စုဆက်ဆံရေး ပိုမိုခိုင်မြဲလာဟု တရုတ်သံအမတ်ပြော

ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး Facebook

တရုတ်-မြန်မာ ဆက်ဆံရေးတွင် ဒုက္ခသုခဟူသမျှကို တစ်လှေတည်းစီး အတူတကွ ကျော်ဖြတ်ခဲ့ရ၍ အချိန်ကြာလာလေ ပိုမိုခိုင်မြဲလာလေဖြစ်လာကြောင်း ရန်ကုန်ရှိ တရုတ်သံအမတ် မစ္စ မာကျားက ပြောသည်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၆ နှစ်ကြာ တရုတ်-မြန်မာ ဆက်ဆံရေးနှင့်ပတ်သက်၍ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ဇွန်လ ၈ ရက်က နေပြည်တော် J Cineplex ရုပ်ရှင်ရုံ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group (CMG) တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သီတင်းပတ်ကို အခမ်းအနားတွင် တရုတ်သံအမတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်ကို ကြားခံအဖြစ်ထားကာ နှစ်နိုင်ငံ လူထုယဉ်ကျေးမှု ဖလှယ်ခြင်းမြှင့်တင်ရေးနှင့် ပြည်သူများ စိတ်နှလုံးချင်းဆက်နွယ်ရေးကို တိုးမြှင့်ကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် တွန်းအားသစ်တစ်ခု ထည့်သွင်းသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း တရုတ်သံရုံး၏ ယနေ့နေ့လယ်ပိုင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

မင်းအောင်လှိုင်ကလည်း တရုတ်၏ One China Policy ကို အစဉ်တစိုက် လိုက်နာထောက်ခံသွားမည်ဖြစ်သည်ဟု ပြောခဲ့ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်အုပ်စုဘက်က ထုတ်ပြန်ချက်တွင်မူ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုကို အနုပညာကဏ္ဍဖြင့် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို အေးအတူပူအမျှရှိအောင်ကြိုးပမ်းမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောထားသည်။

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ညိုစောမှလွဲ၍ မင်းအောင်လှိုင်အပါအဝင် ခင်ရီ၊ အောင်လင်းဒွေး၊ ရဲဝင်းဦး အစရှိသည့် စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်အားလုံးတက်ရောက်ခဲ့ပြီး တရုတ်ဘက် သံအမတ် မာကျားနှင့် သံမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင်သည် ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ တရားမဝင်သမ္မတရာထူးယူပြီး ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် တရားဝင်သွားရောက်ခဲ့သည်။