မကွေးတွင် တစ်လအတွင်း တိုက်ပွဲပေါင်း ၁၀၀ကျော် ဖြစ်၊ စစ်တပ် ဝေဟင်တိုက်ခိုက်မှု ၁၃၀ခန့် ကျူးလွန်

မကွေးဒေသတွင် တစ်လအတွင်း စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၁၁၆ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးဒေသရှိ မြို့နယ်၁၀ခုတို့တွင် မေလအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့နယ် ၅ မြို့နယ်၌ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၁၀၄ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၁၃ ကြိမ်၊ ပါရာမော်တာနှင့်ဂျိုင်ရိုကော်ပတာတို့ဖြင့် တိုက်ခိုက်မှု ၁၂ ကြိမ် စုစုပေါင်း ဝေဟင်တိုက်ခိုက်မှု ၁၂၉ ကြိမ် ကျူးလွန်ခဲ့ကြောင်း Tamar Institute of Development က ထုတ်ပြန်သည်။

စစ်အုပ်စု၏ ဝေဟင်တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် စစ်ကြောင်းထိုး မီးရှို့မှုများကြောင့် အရပ်သားပြည်သူပိုင် နေအိမ်နှင့် အဆောက်အအုံပေါင်း ၂၀၀၀ကျော် မီးလောင်ပျက်စီးခဲ့ရပြီး၊ မြို့နယ် ၇ မြို့နယ်ရှိ အရပ်သားပြည်သူ ၆၆,၅၀၀ ခန့် အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်နေရကြောင်း လည်း ထုတ်ပြန်ထားသည်။

“မေလထဲမှာ မြိုင်မြို့နယ်ထဲက သရက်ကန်ပျူရွာကို တော်လှန်ရေးတပ်တွေ သိမ်းလိုက်တာ မှတ်မှတ်သားသား ပြောရမယ့်မှတ်တမ်းတစ်ခုလို့ ထင်တယ်။ စစ်တပ်က ချင်းဘက်ကို တိုးဖို့ ကျနော် တို့မကွေးတိုင်းထဲမှာ အဓိက ထိုးနေတယ်။လေကြောင်းတိုက်ခိုက်မှုတွေလည်း များတယ်။အဲဒီလို လေကြောင်းဖိအားနဲ့ ရင်ဆိုင်နေရတဲ့ကြားကပဲ ပေါက်က ကုက္ကိုလ်စုရွာကို PDF တွေ ထပ်သိမ်းလိုက် တာလည်း မှတ်တမ်းကောင်းပဲ”ဟု ဒေသတွင်း PDFသတင်းရင်းမြစ်က MPAသို့ ပြောသည်။

စစ်အုပ်စုသည် ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်သို့ အဓိကဝင်ပေါက်များတည်ရှိရာ မကွေးဒေသရှိ မဟာဗျူဟာကျသည့် ပုသိမ် – မုံရွာလမ်း၊ စလင်း – ကံပြား – စေတုတ္တရာလမ်း၊ သီးကုန်း – ဆော – ကံကြီး – ကျောက်ထုလမ်း၊ ကျောက်ထု – တပြင်း – ပေါက်လမ်းနှင့် ပခုက္ကူ – မြစ်ခြေလမ်းတို့ကို ထိန်း ချုပ်နိုင်ရေးအတွက် အပြင်းအထန် ကြိုးစားကာ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိရာ ထိုလမ်းများ တစ် လျှောက်ရှိ အရပ်သားပြည်သူ နေထိုင်ရာနေရာများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းများ အဆမတန် တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ထိုလမ်းကြောင်းများတလျှောက် ကုန်စည်စီးဆင်းမှုများကိုလည်း ပိတ်ဆို့ထားရာ စစ်ဘေးရှောင် ပြည် သူ ၆၅,၀၀၀ ကျော်တို့သည် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း Tamar Institute of Development က ဆိုသည်။

မြိုင်မြို့နယ်၊သရက်ကန်ပျူရွာကို တော်လှန်ရေးတပ်များက မေလ၂၂ရက်၌ သိမ်းပိုက်ခဲ့ပြီး ပေါက်မြို့ နယ်အတွင်းရှိ ကုက္ကိုလ်စုပျူရွာကို ဇွန်၄ရက်၌ တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့သည်။