ရန်ကုန်ရှိ Sakura Residence တွင် အမေရိကန် သံတမန်တစ်ဦး သေဆုံးနေမှုဖြင့် ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ

Photo - AP

By AP

ရန်ကုန်မြို့ရှိ Sakura Residence တွင် အမေရိကန်သံတမန်တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ၎င်းသေဆုံးမှုနှင့် ဆက်နွှယ်ပြီး ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်အခြေစိုက် သံတမန်အသိုင်းအဝိုင်းထံမှ သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေသော “အမေရိကန်အစိုးရ ဝန်ထမ်းတစ်ဦး သေဆုံးခဲ့မှု” ကို အတည်ပြုခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

"သေဆုံးသူရဲ့ မိသားစုနဲ့ အနီးကပ် ဆွေမျိုးသားချင်းတွေရဲ့  (Privacy) ကို လေးစားတဲ့အနေနဲ့ လတ်တလောမှာ ထပ်မံဖြေကြားဖို့ အချက်အလက် မရှိသေးပါဘူး" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းမီဒီယာများ၏ မေးမြန်းမှုကို အီးမေးလ်မှတစ်ဆင့် ပြန်လည်ဖြေကြားထားသည်။

အမည်မဖော်လိုသည့် သံတမန်အသိုင်းအဝိုင်းမှ သတင်းမြစ် သုံးဦး၏ ပြောပြချက်အရ အဆိုပါ အမေရိကန်သံတမန်သည် လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဗဟန်းမြို့နယ်ရှိ Sakura Residence & Hotel တွင် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာသည် အမေရိကန်သံရုံးနှင့် ၁.၅ ကီလိုမီတာ (၁ မိုင်ခန့်) သာ ကွာဝေးပြီး နိုင်ငံခြားသံတမန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ရေရှည်ငှားရမ်း နေထိုင်လေ့ရှိသည့် နေရာတစ်ခုဖြစ်သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က အဆိုပါသေဆုံးမှုကို “လူသတ်မှု ဖြစ်နိုင်ခြေ” ရှိသည်ဟု ယူဆကာ စုံစမ်းစစ်ဆေးနေပြီး သံသယရှိသူ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး Sakura Residence တာဝန်ရှိသူများနှင့် ဗဟန်းမြို့နယ် ရဲစခန်းတို့ဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုထားသလို၊ ရန်ကုန်ရှိ ထိုင်းသံရုံးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း ဖမ်းဆီးခံထားရသည့် ၎င်းတို့နိုင်ငံသူအတွက် ကောင်စစ်ရေးရာ ကူညီပံ့ပိုးမှုများ ပေးမပေးဆိုသည့် အချက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး၊ ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် လုံခြုံရေး တင်းကျပ်ထားသည့် ကြားမှ ယခုကဲ့သို့ နိုင်ငံခြားသံတမန်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။