မန္တလေး-ပြင်ဦးလွင်လမ်းမပေါ်တွင် တွဲကားတစ်စီး ချောက်နက်ထဲသို့ ထိုးကျသွားခဲ့ရာ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဇွန်လ၁၀ရက်၊ည၁၁နာရီခန့်တွင် မန္တလေး-ပြင်ဦးလွင်လမ်း၊မိုင်တိုင် ၁၆/၂ အနီး၌ သဲကျောက်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ် တွဲကားတစ်စီးသည် မတော်တဆမှုဖြစ်ကာ ချောက်နက်ထဲ ထိုးကျသွားခဲ့ရာ ယာဉ်ပေါ်ပါလာသည့် အမျိုးသား၂ဦးအနက် တစ်ဦးကို ချောက်နှုတ်ခမ်းပေါ် အ သက်ရှင်လျက် တွေ့ရှိခဲ့ကြောင်း ကျန်တစ်ဦးကို လူမှုကူညီရေးအဖွဲ့ဝင်များက ချောက်ထဲသို့ ဆင်း ရှာခဲ့ရာ ည၁၁နာရီ၄၅မိနစ်ခန့်တွင် သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း စေတနာမွန်လူမှုကူညီ ရေးအသင်း-အုန်းချောက ယနေ့(ဇွန်၁၁ရက်) သတင်းထုတ်ပြန်သည်။
“ခင်ဗျားတို့မီဒီယာတွေကို ကျနော်တို့ လျှောက်ဖြေလို့မရဘူး။တစ်ယောက်သေ၊တစ်ယောက် မသေ၊ ဆေးရုံရောက်။ဒရိုင်ဘာ အိပ်ငိုက်လို့လား၊ဘရိတ်ပေါက်တာလား၊ဘာ့ကြောင့် ချောက်ထဲကျသွားသ လဲဆိုတာတော့ တကယ် မသိဘူး”ဟု ဒေသခံ လူမှုကူညီရေးသမားများနှင့် နီးစပ်သူတစ်ဦးက MPA သို့ပြောသည်။
ချောက်ထဲကျသွားသောကားမှာ မန္တလေးသို့ အဆင်းကားလား၊ ပြင်ဦးလွင်သို့ အတက်ကားလား ဆိုသည်ကိုမူ မသိကြောင်း ၎င်းက ဆိုသည်။
အသက်ရှင်နေသူနှင့် သေဆုံးသူတို့ကို ပြင်ဦးလွင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း စေတနာမွန်လူမှု ကူညီရေးအသင်း-အုန်းချောက ထုတ်ပြန်ထားသည်။
