ဘိုလီဗီးယားသမ္မတ အရေးပေါ်အခြေအနေကြေညာ၊ စစ်တပ်စေလွှတ်ပြီး ဆန္ဒပြသူများကို နှိမ်နင်းရန် ပြင်ဆင်နေ

ဓာတ်ပုံ - Reuters

ဘိုလီဗီးယားနိုင်ငံတွင် ရက်ပေါင်း ၅၀ ကြာလာပြီဖြစ်သည့် ဆန္ဒပြမှုများနှင့် လမ်းပိတ်ဆို့မှုများကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းသွားပြီးနောက် သမ္မတ ရိုဒရီဂိုပက်ဇ် (Rodrigo Paz) သည် နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

ထို့ပြင် စစ်တပ်အင်အားအလုံးအရင်းဖြင့် လမ်းပိတ်ဆို့မှုများကို ရှင်းလင်းရန်နှင့် တရားဥပဒေစိုးမိုးရေး ပြန်လည်ဖော်ဆောင်ရန် စီစဉ်နေသဖြင့် ဘိုလီဗီးယားနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းမှာ ပိုမို တင်းမာလာနေသည်။

သမ္မတ ရိုဒရီဂိုပက်ဇ်သည် ဇွန်လ ၁၉ ရက် သောကြာနေ့က နိုင်ငံ၏ အဓိကအလုပ်သမားသမဂ္ဂကြီးဖြစ်သည့် ‘ဘိုလီဗီးယားအလုပ်သမားများအဖွဲ့ချုပ်’ (COB) နှင့် တင်းမာမှုများ လျှော့ချရန် သဘောတူညီချက် ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး နာရီပိုင်းအကြာ၊ သောကြာနေ့ ညပိုင်းတွင် နိုင်ငံတော်သို့ တိုက်ရိုက်ရုပ်သံမိန့်ခွန်းပြောကြားကာ ယခုကဲ့သို့ အရေးပေါ်အခြေအနေ (State of Emergency) ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခုပဋိပက္ခသည် ဘိုလီဗီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ပြတ်လပ်မှု ပိုမိုဆိုးရွားလာခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချရန်အတွက် သမ္မတပက်ဇ်က ကာလရှည်ကြာ ပေးထားခဲ့သည့် စက်သုံးဆီထောက်ပံ့ကြေး (Fuel Subsidies) များကို ရုတ်တရက် ဖြတ်တောက်လိုက်ခြင်းကြောင့် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် အစိုးရဘက်က စက်သုံးဆီဈေးနှုန်းများကို ပြန်လည်ထိန်းညှိခြင်းနှင့် ပြည်သူများမကြိုက်နှစ်သက်သည့် မြေယာပြုပြင်ပြောင်းလဲမှု ဥပဒေများကို ပြန်လည်ရုပ်သိမ်းခြင်းဖြင့် တည်ငြိမ်အောင် ကြိုးပမ်းခဲ့သည်။

သို့သော်လည်း ဆန္ဒပြမှုများသည် အစိုးရအပေါ် အထွေထွေမကျေနပ်မှုများအဖြစ်သို့ ကူးစက်ကျယ်ပြန့်သွားခဲ့သည်။

အလုပ်သမားသမဂ္ဂများနှင့် ဆန္ဒပြသူများသည် လုပ်ခလစာ တိုးမြှင့်ပေးရန်၊ စက်သုံးဆီနှင့် ဒေါ်လာပြတ်လပ်မှုကို ဖြေရှင်းပေးရန်နှင့် သမ္မတ ပက်ဇ် ရာထူးကနေ နုတ်ထွက်ပေးရန်အထိပါ တောင်းဆိုလာကြသည်။

လက်ရှိ လမ်းပိတ်ဆို့ ဆန္ဒပြနေသည့် အုပ်စုအများစုမှာ ဘိုလီဗီးယားနိုင်ငံ၏ လက်ဝဲသမား သမ္မတဟောင်း အီဗိုမိုရာလက်စ် (Evo Morales) နှင့် မဟာမိတ်ပြုထားသူများ ဖြစ်ကြသည်။

၎င်းတို့သည် နိုင်ငံ၏ အဓိက လမ်းမကြီးများကို ပိတ်ဆို့ထားသဖြင့် ကုန်တင်ကား အမြောက်အမြား လမ်းခုလတ်တွင် ပိတ်မိနေပြီး မြို့တော် လာပက်ဇ် (La Paz) အပါအဝင် ဒေသအနှံ့အပြားသို့ ရိက္ခာ၊ စက်သုံးဆီနှင့် ဆေးဝါးများ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ဖြတ်တောက်ခြင်း ခံထားရသည်။

ဘိုလီဗီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခု အရေးပေါ်အခြေအနေ ကြေညာချက်သည် သမ္မတ ပက်ဇ် အနေဖြင့် လမ်းပိတ်ဆို့မှုများကို ဖယ်ရှားရန်နှင့် စနစ်တကျ နှိမ်နင်းရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့များကို မြေပြင်သို့ တရားဝင် စေလွှတ်ခွင့် အာဏာအပါအဝင် နိုင်ငံတော်တည်ငြိမ်ရေးအတွက် ပိုမိုကျယ်ပြန့်သည့် လုပ်ပိုင်ခွင့်များကို ရရှိသွားစေခဲ့ကြောင်း သိရသည်။