စကားလုံးများဖြင့် ဗုံးများကို ရပ်တန့်နိုင်မည်မဟုတ်ဟု သံအမတ်ကြီး သတိပေး

By MPA

စကားလုံးများဖြင့် ဗုံးများကို ရပ်တန့်နိုင်မည် မဟုတ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုင်းအဝိုင်းအား သတိပေးလိုက်သည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ဇွန်၁၉ရက်က ကျင်းပသည့် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishopက အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြော ကြားစဉ် အထက် ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ အထွေထွေညီလာခံနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုက် အဝန်းအနေဖြင့် အပ်နှင်းခံထားရသော လုပ်ပိုင်ခွင့်အာဏာများကို တည်ကြည်ပြတ်သားသော ဆုံးဖြတ်ချက်နှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် အကျိုးရှိရှိ ကျင့်သုံးကာ ဆုံးဖြတ်ချက်များကို ထိရောက်စွာနှင့် ပြည့်ဝစွာ မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ်အုပ်စု အနေဖြင့် လူသားစာနာအကူအညီများ အတားအဆီးမရှိစေရေးမူကို ချိုးဖောက်လျက်ရှိ သောကြောင့် အမှန်တတယ် အကူအညီ လိုအပ်နေသူများထံသို့ အကူအညီများ ရောက်ရှိစေရန် အပြိုင်လူသားချင်းစာနာထောက်ထားမှုယန္တရားတစ်ခု တည်ဆောက်၍ စီမံခန့်ခွဲရ လွယ်ကူသော ငွေကြေးအကူအညီများ ပေးအပ်ရန်။အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုထံသို့ လက်နက် ခဲယမ်း များ၊ စီးပွားရေးသုံး ပါရာမော်တာ အစိတ်အပိုင်းများ အပါအဝင် စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းများ၊ ငွေကြေးထောက်ပံ့မှုနှင့် လေယာဉ်ဆီ ရောင်းချမှုတို့အား ချက်ချင်းရပ်တန့်ရန်။ တရားခံ များအနေဖြင့် လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်- ၂၆၆၉ နှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တို့အား လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဥပေက္ခာပြုဘေးချိတ်ထားလျက်ရှိသောကြောင့် ဆုံးဖြတ်ချက် ၂၆၆၉ နှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တို့အား အကောင်အထည်ဖော်ရန်နှင့် တာဝန်ခံမှုရှိစေရန် ပြန်လည်သုံးသပ်သော၊ နောက်ဆက်တွဲ စောင့်ကြည့်ကြပ်မတ်သည့် ယန္တရားတို့ တည်ဆောက်ရန်။ မြန်မာပိုင်၊ မြန်မာဦးဆောင်သော အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ကို အ ထောက်အပံ့ဖြစ်စေရန် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီအား မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကာ တိုက်ရိုက် တရားဝင် ထိ တွေ့ဆက်ဆံရေး လုပ်ဆောင်ပေးကြပါရန်။မြန်မာပြည်သူများအနေဖြင့် ငြိမ်းချမ်းသော၊ တရားမျှတ မှုရှိသော ဒီမိုကရေစီနိုင်ငံတော် ရရှိရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိရာ ကုလသမဂ္ဂ အထွေထွေညီ လာခံနှင့် လုံခြုံရေးကောင်စီတို့အနေဖြင့် ချက်ချင်း အရေးယူလုပ်ဆောင်နိုင်သည့် ဆောင်ရွက်ချက် များ ဖြင့် အမီလိုက်ပါ လုပ်ဆောင်ပေးပါရန် စသည့်အချက်များကိုလည်း သံအမတ်ကြီးက တောင်း ဆိုသည်။

စစ်အုပ်စုအနေဖြင့် မြေပြင်၌ ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရသည်နှင့်အမျှ တိုက်လေယာဉ် များ၊ လက်နက်တပ်ဆင်ထားသော ဒရုန်းများ၊ ဂျိုင်ရိုကော်ပတာများနှင့် စီးပွားရေးသုံး ပါရာမော်တာများကို မှီခိုအားထားကာ အရပ်သားပြည်သူများအပေါ် ပဲ့ထိန်းမဲ့ ဗုံးကြဲခြင်းများ ကျူးလွန်လျက်ရှိပြီး၂၀၂၆ ခုနှစ် အစောပိုင်းတွင်ပင် ပါရာမော်တာနှင့် ဂျိုင်ရိုကော်ပတာ တိုက်ခိုက်မှုဖြစ်စဉ် ရာနှင့်ချီ၍ ရှိခဲ့ ကြောင်းလည်းသံအမတ်ကြီးက ပြောသည်။

ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့