ရခိုင်စစ်မြေပြင်သို့ ပို့ဆောင်ခံရတော့မည့် စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

ရခိုင်စစ်မြေပြင်သို့ ပို့ဆောင်ခံရတော့မည့် စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်လာကြောင်း COBRA ONE Pakokku တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မကွေးတိုင်း၊ပခုက္ကူမြို့အနီးရှိ တပ်မ၁၀၁ လက်အောက်ခံ ခလရ၂၃၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ပေါ်ဦးသည် ဇွန်၁၈ရက်တွင် လက်နက်မဲ့ အလင်းဝင်လာခြင်းဖြစ်သည်။

“သူက ပေါက်ခေါင်းမြို့မှာ အလုပ်ကအပြန် ပေါ်တာဆွဲခံရပြီး ရကသ-ရဲမွန်သင်တန်းကျောင်းကနေ အပတ်စဉ်၂၃ သင်တန်းဆင်းပြီးတော့ ပခုက္ကူမြို့ကို အပို့ခံရတာပါ။မကြာမီ ရှေ့တန်းစစ်မြေပြင် ရခိုင် တပ်တော်AA နယ်မြေကို ပို့ဆောင်မယ်လို့ သိရပါတယ်”ဟု COBRA ONE Pakokku တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

၎င်းသည် ယခုနှစ် မတ်လအတွင်း ပေါ်တာဆွဲခံရခြင်းဖြစ်ပြီး အလင်းဝင်ရန်အတွက် COBRA ONE Pakokku ထံသို့ ကြိုတင်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်ထဲတွင် အနေအထိုင် အစားအသောက် ဆိုးရွားလွန်းလှပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လစာ ဖြတ်တောက်နေကြောင်းနှင့် တပ်ထဲ၌ WY စိတ်ကြွဆေး ရောင်းချမှုများလည်း ရှိကာ မူးယစ်ဆေး များကို စစ်တပ်အရာရှိပိုင်းများက သယ်လာသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“လက်ရှိတော့ သူတို့ဆန္ဒအတိုင်းလုပ်ဆောင်ပေးထားပါတယ်။ သူတို့နဲ့အသိ သူငယ်ချင်း တော်လှန် ရေးတပ်တွေဆီမှာ တာဝန်ပြန်ထမ်းချင်တယ်လို့တော့ ပြောပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

၂၀၂၆ခုနှစ်အတွင်း COBRA ONE Pakokku တပ်ဖွဲ့ထံသို့ အလင်းဝင်လာသည့်စစ်သား စုစုပေါင်း ၁၈ဦးရှိပြီဖြစ်ကြောင်း သိရသည်။

COBRA ONE Pakokku အနေနှင့် အလင်းဝင်လာသူတိုင်းကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး လက်နက်ခဲယမ်းများ ယူဆောင်လာနိုင်ပါက ဆုငွေချီးမြှင့်ပေးကြောင်း သိရသည်။

ဓာတ်ပုံ- COBRA ONE Pakokku
ပုံစာ- အလင်းဝင်လာသည့် စစ်သား။