မြန်မာပြည်သူတို့ ရင်ဆိုင်နေရသည့် နာကျင်မှုကို နောင်မျိုးဆက်အထိ သယ်ဆောင်မသွားလိုဟုဆို

ဓာတ်ပုံ- ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့

မြန်မာပြည်သူတို့ ရင်ဆိုင်နေရသည့် လေးလံသော ဆင်းရဲဒုက္ခနာကျင်မှုကို နောင်မျိုးဆက်များအထိ လက်ဆင့်ကမ်း သယ်ဆောင်မသွားလိုကြောင်း သံအမတ်ကြီးက ပြောကြားလိုက်သည်။

အချို့သောနိုင်ငံများအနေဖြင့် မြန်မာအရေးကိစ္စသည် အလွန်တရာ ရှုပ်ထွေးနက်နဲ၍ ညတွင်းချင်း ဖြေရှင်း၍မရသောအကျပ်အတည်းဟု ကမ္ဗည်းတပ်နိုင်ကြောင်း၊ သို့သော် မြန်မာပြည်သူများ ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲနှင့် ဆင်းရဲဒုက္ခမှာ တစ်နှစ်သာမက ဆယ်စုနှစ်များစွာ၊ မျိုးဆက်ပေါင်း များစွာအထိ ကြာမြင့်နေပြီဖြစ်ကြောင်း ဇွန်လ၁၉ရက် က ကုလသမဂ္ဂ၌ ကျင်းပသည့် မြန်မာ့အရေး ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

စစ်အုပ်စုသည် အရပ်သားပြည်သူ ၈,၀၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ပြီး လူနေအိမ်၊ ဘာသာရေးအ ဆောက်အအုံ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံ အလုံးပေါင်း ၁၁၂,၀၀၀ ကျော်အထိ ပြင်းပြင်းထန်ထန် ဖျက်ဆီးခဲ့ကြောင်း ကလေးသူငယ်များ၊ လူငယ်လူရွယ်များ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများဒဏ်ကို အများဆုံး ခါးစည်းခံနေရကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုကို ဆိုးရွားစွာ ကြုံတွေ့ နေရသကဲ့သို့ တစ်ဖက်တွင်လည်း စစ်အုပ်စုက ၂၀၂၆ ခုနှစ်အတွင်း၌ လေ ကြောင်း တိုက်ခိုက်မှုများကို တိုးချဲ့လုပ်ဆောင်လာနေကြောင်းလည်း ဆိုသည်။

စစ်အုပ်စုသည် သံတမန်ရေးအသိအမှတ်ပြုမှု ရရှိနိုင်ရန် ကုန်းရုန်းကြိုးစားနေသည့်တိုင် ပြည်သူလူထု အား အကြောက်တရားသွင်းရန်နှင့် ၎င်းတို့၏ အတုအယောင် မဲရလဒ် များအား ဆန့်ကျင်သူများအား ပြစ်ဒဏ်ပေးရန် လေကြောင်းတိုက်ခိုက်မှုများနှင့် ပါရာမော်တာ အသုံးပြု၍ ဗုံးကြဲခြင်းများကို အတုအ ယောင် ရွေးကောက်ပွဲ ကျင်းပနေသည့်ကာလအတွင်း ၌ပင် ကျူးလွန်ခဲ့သည့်အပြင်စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကိုလည်း ဆက်လက် ကျူးလွန် နေဆဲ ပင်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

“မင်းအောင်လှိုင်ရဲ့ သံတမန်ရေးက သိပ်ရှင်းပါတယ်။သူ့အာဏာ သက်ဆိုးရှည်ရေးအတွက် ထောက် ခံပေး၊မြန်မာနိုင်ငံကနေ ဘာလိုချင်သလဲ ကြိုက်တာပြော အကုန်ပေးမယ်ဆိုတာပဲ။အချောင်နှိုက်ချင် နေတဲ့ တရုတ်အကြိုက်ပဲ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ဆက်လက်ပြီး သံအမတ်ကြီးက တာဝန်ခံမှု မပါဝင်သော ထိတွေ့ဆက်ဆံမှုများသည် ကျရှုံးနေသည့် မူဝါဒပင် ဖြစ်ကြောင်း၊ မြန်မာနိုင် ငံ၏ အချို့သော အိမ်နီးချင်းနိုင်ငံများအနေဖြင့် စစ်အုပ်စုနှင့် ပုံမှန်အတိုင်း ပြန်လည်ထိတွေ့ ဆက်ဆံ ရန် ကြိုးစားနေသည့်အပေါ် မိမိတို့ အလွန်အမင်း စိုးရိမ် ပူပန်ရကြောင်း၊ စစ်အုပ်စုနှင့်ပြုလုပ်သော မလိုလားအပ်သည့် မည်သို့သော ထိတွေ့ဆက်ဆံမှုမဆို စစ်အုပ်စုက အရပ်သားပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံကျူးလွန်ရန် အားပေးတွန်းပို့မည်သာဖြစ်ကြောင်းလည်း ဆိုသည်။