By MPA
စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲသည် စစ်တပ်အာဏာခိုင်မာစေရန် လုပ်ဆောင်ချက်သာဖြစ်ပြီး ကုလသမဂ္ဂအနေဖြင့် အသိအမှတ်ပြုခြင်း သို့မဟုတ် လေ့လာစောင့်ကြည့်ခြင်း လုံးဝမပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့ (Ms. Julie Bishop) က အတိအလင်း ပြောကြားလိုက်သည်။
နယူးယောက်မြို့၌ ဇွန်လ ၁၉ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ၎င်း၏ (၁၀) ကြိမ်မြောက် တရားဝင်တင်ပြချက်အတွင်း ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မစ္စ ဂျူလီဘစ်ရှော့က ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ပြီးဆုံးခဲ့သော စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် စစ်တပ်၏ နိုင်ငံရေးအတောင်ပံဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး၊ ယင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်အတွက် ဖယ်ချန်ထားသော ၂၅ ရာခိုင်နှုန်းသော နေရာများနှင့် ပေါင်းစပ်ကာ ပြည်သူများအပေါ် စစ်အာဏာ ပိုမိုအမြစ်တွယ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လအတွင်း မင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားယူစေပြီး စစ်ဘက်ဆိုင်ရာ ဥပဒေပြုလွှတ်တော်က နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သော်လည်း၊ မြေပြင်ရှိ သက်ဆိုင်သူအများစုက ယင်းလုပ်ငန်းစဉ်ကို အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးခြင်းအဖြစ် မရှုမြင်ကြဘဲ စစ်တပ်အတွက် အာဏာခိုင်မာအောင် လုပ်ဆောင်မှုအဖြစ်သာ သတ်မှတ်ကြကြောင်း ၎င်းက ဆိုသည်။
မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုနှင့် ‘ရက် ၁၀၀ အစီအစဉ်’
ကုလအထူးကိုယ်စားလှယ်သည် ၎င်း၏ တာဝန်ထမ်းဆောင်မှုကာလအတွင်း မြန်မာနိုင်ငံသို့ လေးကြိမ်သွားရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ရာ နောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် မေလ ၂၁ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မင်းအောင်လှိုင်က စီးပွားရေးပြန်လည်နာလန်ထူရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် ဟုဆိုကာ “ရက် ၁၀၀ အစီအစဉ်” (100-Day Plan) အပါအဝင် ၎င်း၏ ဦးစားပေးကိစ္စရပ်များကို ပြောကြားခဲ့ပြီး၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း မစ္စ ဂျူလီဘစ်ရှော့က ထည့်သွင်းပြောဆိုသည်။
သို့သော် စစ်ကောင်စီက မြေပြင်တွင် စစ်ဆင်ရေးများနှင့် လေကြောင်းဗုံးကြဲမှုများကို အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ ဆွေးနွေးပွဲဖိတ်ခေါ်ချက်များအပေါ် တော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်သူများက ယုံကြည်မှုမရှိကြကြောင်း မင်းအောင်လှိုင်ထံ မိမိက ပြန်လည်တုံ့ပြန် တင်ပြခဲ့သည်ဟု ၎င်းက ဆိုသည်။
“အခြေခံလွတ်လပ်ခွင့်တွေကို ကန့်သတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ထင်ရှားတဲ့ အုပ်ချုပ်မှုစနစ်ကို ကျင့်သုံးနေစဉ်မှာ နေပြည်တော်အနေနဲ့ သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုကတစ်ဆင့် တရားဝင်မှုကို ဘယ်လိုရယူနိုင်မလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်” ဟု မစ္စ ဂျူလီဘစ်ရှော့က ပြောကြားခဲ့သည်။
ဆိုးရွားလာနေသည့် မြေပြင်အခြေအနေနှင့် လူသားချင်းစာနာမှု အကျပ်အတည်း
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများသည် မကောင်းသော အကြောင်းပြချက်များဖြင့် မှတ်တမ်းသစ်များ တင်နေပြီး အဆိုးဘက်သို့ ဆက်လက်ယိုယွင်းနေကြောင်း ကုလအစီရင်ခံစာက ထောက်ပြသည်။
မြန်မာနိုင်ငံသည် စက်မှုလုပ်ငန်းအရွယ်အစားရှိ လိမ်လည်မှုစခန်းများ (Scam Compounds) လည်ပတ်ရာ နေရာဖြစ်လာပြီး လူကုန်ကူးမှုကွန်ရက်များကို အာဖရိကအထိ တိုးချဲ့ကာ အမေရိကန်၊ အာရှနှင့် အခြားဒေသများမှ သားကောင်များကို ပစ်မှတ်ထားနေသည်။
ကမ္ဘာ့မက်သာဖက်တမင်းနှင့် ဘိန်းအဓိကထောက်ပံ့ရာ နိုင်ငံဖြစ်လာသည့်အပြင်၊ လက်ရှိတွင် ကမ္ဘာပေါ်၌ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာသည်။
၂၀၂၆ ခုနှစ်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးသူငယ်များအတွက် အသေအပျောက် အများဆုံးနှစ်ဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားသေဆုံးမှု၏ အဓိကအကြောင်းရင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆာလောင်မွတ်သိပ်မှု အဆိုးရွားဆုံးနေရာ ၆ ခုအနက် တစ်ခုအပါအဝင် ဖြစ်လာပြီး၊ ပြည်တွင်းစစ်ဘေးရှောင် (IDP) ၃.၇ သန်းကျော်နှင့် ဒေသတွင်းအနှံ့ ရွှေ့ပြောင်းအခြေချရသူ ၁.၆ သန်းအထိ ရှိလာနေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ထပ်မံတောင်းဆို
မစ္စ ဂျူလီဘစ်ရှော့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့တွင် သူမအပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ထပ်လောင်းတောင်းဆိုခဲ့သည်။
သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးထိန်းသိမ်းရာမှ လွှတ်ပေးခဲ့သော်လည်း ကန့်သတ်ချက်များစွာ ထားရှိခြင်းက နိုင်ငံတကာ၏ စေတနာကို အဟန့်အတားဖြစ်စေခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံထားရသမျှ ကာလပတ်လုံး မြန်မာ့ငြိမ်းချမ်းရေးအတွက် တိုးတက်မှုများ ရှိလာနိုင်မည်မဟုတ်ဟု လူအများစုက ရှုမြင်ထားကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
တော်လှန်ရေးအင်အားစုများ၏ အခန်းကဏ္ဍနှင့် ရှေ့လုပ်ငန်းစဉ်များ
ကုလအထူးကိုယ်စားလှယ်သည် မကြာသေးမီက တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ရည်ရွယ်သည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) မဟာမိတ်အဖွဲ့နှင့်လည်း တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြေပြင်တွင် စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းမှု ဥပဒေကြောင့် လူငယ်များမှာ အသက်အန္တရာယ်ရှိသော လမ်းကြောင်းများမှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်နေရပြီး လူကုန်ကူးမှုနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ၏ သားကောင်များ ဖြစ်လာနေရသဖြင့် တော်လှန်ရေးအင်အားစုများအနေဖြင့် လူငယ်များကာကွယ်ရေးနှင့် ရိုဟင်ဂျာအပါအဝင် လူနည်းစုများ၏ အခွင့်အရေးများကို ဖက်ဒရယ်မူဝါဒများတွင် ရှင်းလင်းစွာထည့်သွင်းရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျမှတ်တမ်းတင်၍ နိုင်ငံတကာသံတမန်ရေးရာ ဖိအားများကို အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြထားကြသည်။
