အထူးဒေသ (၁) အတွင်း ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းခွင့် ပိတ်ပင်၊ ရဲတပ်ဖွဲ့ကသာ တစုတစည်းတည်း တာဝန်ယူမည်ဟု MNDAA ထုတ်ပြန်

By MPA

မြန်မာနိုင်ငံ အထူးဒေသ (၁) အတွင်း နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအင်အားစုများကို တစုတစည်းတည်း ကွပ်ကဲနိုင်ရန် ရည်ရွယ်ပြီး လုံခြုံရေးဝန်ထမ်းများအား စနစ်တကျ စေလွှတ်တာဝန်ပေးအပ်မည့် စနစ်သစ်ကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၏ အထူးဒေသ (၁) ရဲတပ်ဖွဲ့က ယနေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အထူးဒေသအတွင်းရှိ လုံခြုံရေးလုပ်ငန်းကဏ္ဍအားလုံးကို ရဲတပ်ဖွဲ့မှသာ တိုက်ရိုက်တာဝန်ယူ စီမံခန့်ခွဲသွားမည်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကမျှ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများကို ကိုယ်ပိုင်တည်ထောင်ခွင့်၊ ကိုယ်တိုင်ငှားရမ်းခွင့် မရှိတော့ဘဲ လုံခြုံရေးဝန်ထမ်း ခေါ်ယူခြင်း၊ လေ့ကျင့်ပေးခြင်း၊ တာဝန်ချထားခြင်းနှင့် လစာပေးချေခြင်း အားလုံးကို ရဲတပ်ဖွဲ့ကသာ တစုတစည်းတည်း ဆောင်ရွက်သွားမည်ဟုဆိုသည်။

ယခင်က ငှားရမ်းထားသော လုံခြုံရေးဝန်ထမ်းများရှိပါက ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ရမည်ဖြစ်ပြီး ဆက်လက်တာဝန်ထမ်းဆောင်လိုသည့် ကိုယ်ပိုင်လုံခြုံရေးဝန်ထမ်းဟောင်းများသည် ရဲတပ်ဖွဲ့တွင် လျှောက်ထား၍ သက်ဆိုင်ရာသင်တန်းတက်ရောက်ကာ စာမေးပွဲအောင်မြင်မှသာ တာဝန်ပြန်လည်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည်ဟု MNDAA က ထုတ်ပြန်ထားသည်။

ယင်းအပြင် အများပြည်သူနှင့်သက်ဆိုင်သော နေရာများဖြစ်သည့် ဆေးရုံ၊ ကျောင်း၊ စက်ရုံ၊ ဟိုတယ်၊ စျေး၊ ကုန်လှောင်ရုံနှင့် ယာဉ်ရပ်နားစခန်းစသည့် လုပ်ငန်းများအနေဖြင့် လုံခြုံရေးဝန်ထမ်း လိုအပ်ပါက ရဲတပ်ဖွဲ့ထံသို့ တရားဝင် လျှောက်ထားရမည်ဖြစ်သည်။

လုံခြုံရေးဝန်ဆောင်ခများကို သက်ဆိုင်ရာလုပ်ငန်းရှင်က ကျခံရမည်ဖြစ်ပြီး လုံခြုံရေးဝန်ထမ်းများအနေဖြင့် အခြားအဖွဲ့အစည်းများနှင့် ကွဲပြားသော သတ်မှတ်ယူနီဖောင်းကိုသာ ဝတ်ဆင်ရမည်ဟု MNDAA က သတ်မှတ်ထားသည်။

ထို့ပြင် တာဝန်ထမ်းဆောင်စဉ်အတွင်း ဥပဒေအရ အကာအကွယ်ရရှိမည်ဖြစ်သကဲ့သို့ လုပ်ငန်းရှင်၏ ကျိုးကြောင်းဆီလျော်သော ညွှန်ကြားချက်များကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ သို့သော် လုံခြုံရေးဝန်ထမ်းများအနေဖြင့် လက်ရှိကျူးလွန်နေသော ပြစ်မှုများကို တားဆီးဖမ်းဆီးခြင်းမှလွဲ၍ အခြားသူများ၏ လွတ်လပ်ခွင့်နှင့် ပိုင်ဆိုင်မှုများကို ထိပါးနှောင့်ယှက်ခွင့် မရှိကြောင်း MNDAA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Categories: အခြား