ကိုရီးယားတွင် ၆ထပ်တိုက်မှ ပြုတ်ကျသော မြန်မာအမျိုးသား အဲကွန်းစက်နှင့် ငြိပြီး အသက်ချမ်းသာ ရာရ

ဓာတ်ပုံ - ကိုရီးယားသတင်းဌာန

တောင်ကိုရီးယားနိုင်ငံ၊အင်ချွန်းမြို့တွင် ၆ထပ်အဆောက်အအုံမှ ပြုတ်ကျသည့် မြန်မာအမျိုးသား အဲကွန်းစက်နှင့် ငြိပြီး အသက်ချမ်းသာရာရခဲ့ကြောင်း သိရသည်။

အင်ချွန်းမြို့၊ ဘူဖျောင်းရပ်ကွက်တွင် ဇွန်၂၈ရက်၊နံနက်၁၀နာရီမိနစ်၄၀ခန့်က အဆောက်အအုံတစ် ခု၏ ၅ထပ် အပြင်ဘက်နံရံရှိ အဲကွန်စက်၌ အမျိုးသားတစ်ဦး တွဲလောင်းဖြစ်နေကြောင်း သတင်းအ ရ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့က သွားရောက်ကယ်ဆယ်ခဲ့ကြောင်း ကိုရီးယားသတင်းတစ်ရပ်၌ ဖော်ပြသည်။

“ဘူဖျောင်း မြန်မာရပ်ကွက်မှာ ဖြစ်တာပါ။ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘူး။ကိုရီးယားသတင်း မှာပါတာကို ဘာသာပြန်ပြီးတင်ထားတာပါ”ဟု အင်ချွန်းမြို့နေ မြန်မာတစ်ဦးက MPAသို့ပြောသည်။

ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က အဆောက်အအုံအောက်တွင် ကယ်ဆယ်ရေး လေမှုတ်မွေ့ရာ (Air Mat) ကို အမြန်ခင်းပေးခဲ့သလို ၅ ထပ် တံခါးကိုလည်း ရိုက်ဖွင့် ဝင်ရောက်ကာ ကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ခဲ့ရာ မိနစ်၂၀ကျော်အကြာ၌ ဘေးရန်ကင်းစွာ ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးချက်များအရ အသက်၄၇နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားသည် အဆောက်အအုံ ၆ ထပ်ရှိ ဘာသာရေးဝတ်ပြုနေရာမှ ပြုတ်ကျခဲ့ရာ ၅ ထပ်အပြင်ဘက်နံရံက အဲကွန်းစက်နှင့် ငြိပြီး တွဲလောင်း ဖြစ်နေကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်ဟု ကိုရီးယားသတင်းက ဖော်ပြသည်။

ရဲတပ်ဖွဲ့က အဲယားကွန်းစက်ပေါ်သို့ တမင်တကာ ခုန်ချသည်ဟု သံဿယရှိပြီး ယင်းမြန်မာ အမျိုး သားတွင် စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာတစ်ခုခု ခံစားနေရသည်ဟု ယူဆသဖြင့် အရေးပေါ်ဆေးရုံတင် ကုသမှု ခံယူစေကာ ပြုတ်ကျရခြင်း အကြောင်းရင်းမှန်ကို ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

ယင်းအမျိုးသားသည် ခြေကျင်းဝတ်ဒဏ်ရာသာ ရရှိခဲ့ကြောင်း သိရသည်။